အင်ဒီးယန်းဝဲလ်ပြိုင်ပွဲ ချန်ပီယံဟောင်း ဂျပန်တင်းနစ်မယ် အိုဆာကာဟာ အခုနှစ်ပြိုင်ပွဲရဲ့ ပထမအဆင့်မှာပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။အခုနှစ်အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ဩစတြေးလျအိုးပင်းပြိုင်ပွဲမှာ ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ ထွက်သွားပြီးနောက်ပိုင်း အင်ဒီးယန်ဝဲလ်ပြိုင်ပွဲဟာ အိုဆာကာ ပြန်ကစားတဲ့ ပထမဆုံး ပြိုင်ပွဲလည်းဖြစ်ပါတယ်။

အိုဆာကာဟာ ပထမအဆင့်မှာ ကိုလံဘီယာတင်းနစ်မယ် အိုဆိုရီယိုနဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဂရင်းစလမ်ချန်ပီယံဆုကို ၄ ကြိမ်ရရှိထားခဲ့ဖူးတဲ့ အိုဆာကာဟာ အခုပွဲမှာ သက်သောင့်သက်သာ ရှိမနေခဲ့ဘဲ ပုံစံကောင်းရဖို့ကို ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပြီး အမှားတွေလည်းများခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပြိုင်ဘက် အိုဆိုရီယိုက အမှတ်တွေရရှိခဲ့ပြီး ပွဲအပြီးမှာ(၆း၄၊၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရကာ ဒုတိယအဆင့်ကို တက်သွားခဲ့တာဖြစ်ပါတယ်။

အိုဆာကာက ဒီပွဲဟာ သူ့ရဲ့ ကစားသမားဘဝ အဆိုးရွားဆုံးပွဲတစ်ပွဲဖြစ်ခဲ့ တဲ့အတွက် ကြည့်ရှုသူတွေကို တောင်းပန်ပါတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ အိုဆာကာဟာ စိတ်ပိုင်းဆိုင်ရာကြောင့် တင်းနစ်ကနေ အနားယူခဲ့ပြီးနောက် ပြန်လည်ကစားခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီကတည်းက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အခုပွဲမှာ အနိုင်ရခဲ့တဲ့ အိုဆိုရီယိုကတော့ ဒုတိယအဆင့်မှာ ဒိန်းမတ်တင်းနစ်မယ် တိုဆန်နဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။