ဆယ်ကျော်သက် ရုရှားတင်းနစ်မယ် အန်ဒရီဗာဟာ အင်ဒီးယန်းဝဲလ် အမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ဒူဘိုင်းတင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူခဲ့တဲ့ အန်ဒရီဗာဟာ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲမှာလည်း ပုံစံကောင်းကို ဆက်လက်ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ အန်ဒရီဗာဟာ ကမ္ဘာ့အဆင့်-၁ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာနဲ့ ရင်ဆိုင်ခဲ့တာဖြစ်ပြီး ဆာဘာလန်ကာက ပထမပွဲလတ်အနိုင်နဲ့ ပွဲကို ဦးဆောင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယပွဲလတ်မှာ အန်ဒရီဗာအနိုင် ပြန်ရ ခဲ့သလို တတိယပွဲလတ်မှာလည်း ထပ်ပြီးအနိုင်ရခဲ့တဲ့အတွက် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် (၂)နာရီနဲ့ (၄)မိနစ် ကြာမြင့်ခဲ့ပြီးနောက် အန်ဒရီဗာက (၂း၆၊၆း၄၊၆း၃)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ကစားသမားဘဝ ဒုတိယမြောက် WTA တိုးချန်ပီယံဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဆုဖလားကို လက်ခံရယူပြီးနောက်မှာ အန်ဒရီဗာက “နောက်ဆုံးအချိန်အထိ အရှုံးမပေးတဲ့ စိတ်ဓာတ်အတွက် ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိသလို ပြိုင်ဘက်ရဲ့ လက်စွမ်းကြောင့်လည်း ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်”လို့ ပြောသွားခဲ့ပါတယ်။ အခု ပွဲ အနိုင်ရခဲ့တဲ့အတွက် အန်ဒရီဗာဟာ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့်-၆ နေရာကို ရောက်ရှိလာခဲ့ပါတယ်။