ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ မွန်တီကာလို မာစတာ ပြိုင်ပွဲမှာလည်း ပထမအဆင့်ကနေပဲ မထင်မှတ်ဘဲ ထွက်လိုက်ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပတဲ့ မိုင်ယာမီ အိုးပင်းပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ အခုပြိုင်ပွဲမှာလည်း အနိုင်ရဖို့ ရေပန်းစားခဲ့တာပါ။

ဒါပေမဲ့ ဆီဒင်အဆင့် ၃ ရထားတဲ့ ဂျိုကိုဗစ်ဟာ ပထမအဆင့်မှာပဲ ချီလီနိုင်ငံသား တာဘီလိုကို အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ တာဘီလိုနဲ့ ပွဲမှာ ဂျိုကိုဗစ်ဟာ တည်ငြိမ်တဲ့လက်စွမ်း ပျောက်ဆုံးနေခဲ့သလို အမှားတွေလည်းများ ခဲ့တာဖြစ်ပါတယ်။ ရွှံ့စေးကွင်းပွဲတွေမှာ ရုန်းကန်ရလေ့ရှိတဲ့ ဂျိုကိုဗစ်ဟာ ပွဲကစားချိန်(၁)နာရီနဲ့ (၂၇)မိနစ် အကြာ မှာပဲ တာဘီလိုကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တာဘီလိုက (၆း၃၊၆း၄)ဆိုတဲ့ ၂ ပွဲပြတ်ရလဒ်နဲ့ အနိုင်ယူသွားခဲ့တာပါ။

လွန်ခဲ့တဲ့ ၁၁ လခန့်က ရွှံ့စေးကွင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ အီတလီအိုးပင်းမှာ ဂျိုကိုဗစ်ကို အနိုင်ယူခဲ့ဖူးတဲ့ တာဘီလို ဟာ အခုလည်း ရွှံ့စေးကွင်းမှာ ဂျိုကိုဗစ်ကို ထပ်မံအနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် စောစောစီးစီးပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ဂျိုကိုဗစ်က ပြောသွားခဲ့ပါတယ်။ ကစားသမားဘဝ အေတီပီ တစ်ဦးချင်း ချန်ပီယံဆု ၉၉ ခု ရယူထားနိုင်တဲ့ ဂျိုကိုဗစ်အနေနဲ့ အကြိမ် ၁၀၀ မြောက်ချန်ပီယံဆုရယူနိုင်ဖို့ကို ထပ်ပြီးတော့ စောင့်ဆိုင်း ရတော့မှာဖြစ်ပါတယ်။