အခုတစ်ပတ်စတင်တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲ မကျင်းပခင်မှာ ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ၁၄ ကြိမ်ရရှိထားတဲ့ စပိန် တင်းနစ်သမား နာဒယ်ဂုဏ်ပြုပွဲကို ပြုလုပ်ပေးခဲ့ပါတယ်။ ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ အဓိကပွဲစဉ်တွေကို ကျင်းပတဲ့ တင်းနစ်ကွင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ နာဒယ်ဂုဏ်ပြုပွဲအစမှာ နာဒယ်ရဲ့ ပြင်သစ်အိုးပင်း ယှဉ်ပြိုင်ခဲ့မှု ပုံရိပ်တွေကို ပြန်လည် ပြသခဲ့ပါတယ်။ အဲဒီနောက် နာဒယ်ရဲ့ ခေတ်ပြိုင်တွေဖြစ်ကြတဲ့ ဖက်ဒရာ၊ ဂျိုကိုဗစ်နဲ့ အင်ဒီမာရေးတို့ ကွင်းအတွင်း ဝင်ရောက်လာခဲ့ကြပြီး နာဒယ်ကို ဂုဏ်ပြုခဲ့ကြပါတယ်။

ခေတ်ပြိုင်ကစားသမားတွေ ရောက်လာ လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေမယ့် စိတ်ထဲမှာတော့ ရောက်လာမယ်ဆိုတာ ခံစားမိနေခဲ့ပါတယ်လို့ နာဒယ်က ပြောသွားခဲ့ပါတယ်။ လာမယ့် ဇွန်လထဲမှာ အသက် ၃၈ နှစ်ပြည့်တော့မယ် နာဒယ်ဟာ ပြီးခဲ့တဲ့နှစ် တင်းနစ်ရာသီ အကုန်မှာပဲ ကစားသမားဘဝကနေ အနားယူသွားခဲ့တာဖြစ်ပြီး တင်းနစ်လောကရဲ့ ရွှေခေတ်ကာလ ကြီးလေးကြီး ကစားသမားတွေထဲမှာ ပြိုင်ပွဲတွေ ဆက်ပြိုင်နေတာဆိုလို့ ဂျိုကိုဗစ် တစ်ဦးတည်းသာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။ နာဒယ်ဟာ ဂရင်းစလမ်ချန်ပီယံဆု ၂၂ ကြိမ် ရရှိခဲ့ရာမှာ ပြင်သစ်အိုးပင်းပြိုင်ပွဲတစ်ခုတည်းကနေ ချန်ပီယံဆု ၁၄ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့အအောင်မြင်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။