ကစားသမားဘဝ ၂၅ ကြိမ်မြောက် ဂရင်းစလမ်ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် ပစ်မှတ်ထားပြီး ပြင်သစ်အိုးပင်းကို ဝင်ပြိုင်တဲ့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ပထမအဆင့်မှာ အနိုင်ရပြီး ဒုတိယအဆင့် တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဂျီနီဗာအိုးပင်းမှာ အနိုင်ရပြီး ကစားသမားဘဝ အကြိမ် ၁၀၀ မြောက် အေတီပီ တစ်ဦးချင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဂျိုကိုဗစ်ဟာ အင်္ဂါညက ကစားခဲ့တဲ့ ပထမအဆင့်ပွဲမှာ အမေရိကန်နိုင်ငံသား မက်ဒေါနယ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ကမ္ဘာ့အဆင့် ၉၈ မှာရပ်တည်နေတဲ့ မက်ဒေါနယ်ဟာ ပွဲလတ်ပွဲစဉ်တွေရဲ့ အစပိုင်းမှာ ဂျိုကိုဗစ်ကို အကြိတ်အနယ် လိုက်ကစားနိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲချိန်တွေမှာတော့ စွမ်းဆောင်ရည် ကျဆင်းလာခဲ့ပြီး ဂျိုကိုဗစ်က အသာစီးရယူနိုင်ခဲ့တာကို တွေ့ရပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၅၈ မိနစ် ကြာမြင့် ခဲ့ပြီးနောက် ဆီဒင်အဆင့် ၆ ရထားတဲ့ ဂျိုကိုဗစ်က (၆း၃၊၆း၃၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ အသက် ၃၈ နှစ်ပြည့်ခဲ့တဲ့ ဂျိုကိုဗစ်အနေနဲ့ သူပါဝင်ယှဉ်ပြိုင် ခဲ့တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲရဲ့ ပထမအဆင့်ပွဲစဉ် ၂၁ ပွဲစလုံးကို အနိုင်ရအောင် ကစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ ဂျိုကိုဗစ်ဟာ အိမ်ရှင်ပြင်သစ်နိုင်ငံသား မူတက်နဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။