တင်းနစ်နည်းပြအဖြစ် လေ့လာသင်ယူစရာတွေ ရှိနေသေးပေမယ့် နည်းပြအဖြစ် တာဝန်ယူဖို့ ကမ်းလှမ်းမှုတွေကို တံခါးဖွင့်ထားပါတယ်လို့ ဗြိတိန်တင်းနစ်သမားဟောင်း အင်ဒီမာရေးက ပြောသွားခဲ့ပါတယ်။ အသက် ၃၈ နှစ် အရွယ် မာရေးဟာ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာလမှာတော့ ပြိုင်ဘက်ဟောင်း ဂျိုကိုဗစ်ရဲ့နည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဂျိုကိုဗစ်ရဲ့ နည်းပြအဖြစ် ပြိုင်ပွဲ ၄ ခုသာ တာဝန်ယူခဲ့ရပြီးနောက် ၂၀၂၅ မေလမှာ လက်တွဲဖြုတ်ခဲ့ကြပါတယ်။ ဂျိုကိုဗစ်နဲ့ အတူအလုပ်လုပ်ခဲ့တဲ့ ၆ လတာကာလက စိတ်လှုပ်ရှားဖို့ ကောင်းခဲ့သလို လေ့လာစရာများစွာလည်း သင်ယူဖြစ်ခဲ့ပါတယ်လို့ အင်ဒီမာရေးက ပြောသွားခဲ့ပါတယ်။ နည်းပြဘဝထဲကို နောက်ထပ်တစ်ကြိမ် ပြန်သွားဖို့ ရည်မှန်းထားသလို အခုတစ်ကြိမ် လုပ်ဖြစ်ခဲ့ရင်တော့ ကာလတိုမဟုတ်ဘဲ အချိန်ကြာကြာ တာဝန်ယူခွင့်ရဖို့ မျှော်လင့်ထားတယ်လို့လည်း အင်ဒီမာရေးက ပြောပါတယ်။

ကစားသမားဘဝက အနားယူပြီးချိန်မှာ အခုလိုမျိုး နည်းပြအလုပ်ကို ချက်ခြင်းဆိုသလို လုပ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေမယ့် အခုချိန်မှာတော့ နည်းပြ အလုပ်က စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကို ခံစားမိနေပါတယ်လို့လည်း မာရေးက လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ရှင်းပြသွားခဲ့ပါတယ်။