ဝင်ဘယ်ဒန်ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားဖူးတဲ့ ချက်တင်းနစ်မယ် ဗီတိုဗာဟာ ၁၅ လကြာ ဝေးကွာနေခဲ့တဲ့ တင်းနစ်ပြိုင်ပွဲတွေဆီ ပြန်လာတော့မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ကမ္ဘာ့အဆင့်-၂ ဟောင်း ဗီတိုဗာဟာ ၂၀၂၃ အောက်တိုဘာမှာ ကျင်းပခဲ့တဲ့ တရုတ်အိုးပင်းပြိုင်ပွဲကို နောက်ဆုံးယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မီးဖွားဖို့ရှိလို့ တင်းနစ်လောကကနေ အနားယူသွားခဲ့တာပါ။

၂၀၂၄ ဇူလိုင်လမှာ သားဖြစ်သူကို မွေးဖွားပြီးတဲ့နောက် အသက် ၃၄ နှစ်အရွယ် ဗီတိုဗာဟာ တင်းနစ်ပြိုင်ပွဲတွေဆီ ပြန်လာဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။ ၁၅ လကြာ ဝေးကွနေခဲ့တဲ့ တင်းနစ်ကွင်းတွေဆီ ပြန်လာဖို့အတွက် စိတ်လှုပ်ရှားနေပါတယ်လို့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ ဗီတိုဗာက ပြောကြားထားပါတယ်။

၂၀၁၁ နဲ့ ၂၀၁၄ ဝင်ဘယ်ဒန်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တဲ့ ဗီတိုဗာဟာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် ATX အိုးပင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၂၀၂၃ တင်းနစ်ရာသီမှာ မိုင်ယာမီနဲ့ ဘာလင်အိုးပင်း ချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တဲ့ ဗီတိုဗာဟာ တင်းနစ်ကစားသမားဘဝ WTA တစ်ဦးချင်း ချန်ပီယံဆုကို ၃၁ ကြိမ် ရယူထားသူ ဖြစ်ပါတယ်။