ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း မဲခွဲမှုတွေအရ ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ ပြိုင်ပွဲရဲ့ ဒုတိယ အဆင့်မှာပဲ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နဲ့ ထိပ်တိုက်ဆုံရဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ ရာဒူကာနူဟာ ၂၀၂၅ အတွင်းမှာတော့ ပုံမှန်လက်စွမ်းပြန်လည်ရရှိထား ခဲ့သလို ကမ္ဘာ့အဆင့် ထိပ်ဆုံး အယောက် ၅၀ အတွင်းကိုပါ ပြန်လည်ဝင်ရောက်လာနိုင်ခဲ့တာပါ။ ဆွီယာတက်ခ် ကတော့ ပြင်သစ်အိုးပင်းလက်ရှိချန်ပီယံဖြစ်သလို ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက်ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ရာဒူကာနူဟာ အခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲ တတိယအဆင့်မှာ ဆွီယာတက်ခ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရဖူးတာဖြစ်ပါတယ်။

အခုနှစ် ပြင်သစ်အိုးပင်းအတွက် မဲခွဲမှုအပြီးမှာ ရာဒူကာနူက ပထမအဆင့် ပွဲအဖြစ် တရုတ်တင်းနစ်မယ် ကျင်းဝမ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆီဒင်အဆင့် ၅ ရထားတဲ့ ဆွီယာတက်ခ်ကတော့ စလိုဗက်ကီးယားတင်းနစ်မယ် ရမ်ကိုဗာနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အဲ့ဒီပထမအဆင့် ပွဲတွေမှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ ရာဒူကာနူနဲ့ ဆွီယာတက်ခ်တို့ဟာ ဒုတိယအဆင့်ပွဲအဖြစ် ထိပ်တိုက်ရင်ဆိုင်ရ မှာလည်းဖြစ်ပါတယ်။