ကမ္ဘာ့အဆင့်-၁ ဟောင်း ဂျပန်တင်းနစ်မယ် အိုဆာကာဟာ ၂၀၂၁ ဩစတြေးလျအိုးပင်းနောက်ပိုင်း ပထမဆုံး WTA တိုးချန်ပီယံဆုအဖြစ် ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ စိန့်မာလို တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။

မြေစေးကွင်းပြိုင်ပွဲဖြစ်တဲ့ စိန့်မာလိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိုဆာကာဟာ စလိုဗေးနီးယားတင်းနစ်မယ် ဂျူဗန်နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပွဲကစားချိန်က ၁ နာရီနဲ့ ၂၃ မိနစ်သာ ကြာမြင့်ခဲ့တာဖြစ်ပြီး အိုဆာကာက (၆း၁၊၇း၅) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။ အိုဆာကာအတွက်တော့ ကစားသမားဘဝ ပထမဆုံး မြေစေးကွင်း ချန်ပီယံဆုလည်း ဖြစ်ပါတယ်။

မြေစေးကွင်း ဂရင်းစလမ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ပြင်သစ်အိုးပင်း ပြိုင်ပွဲ မတိုင်ခင်မှာ အခုလိုမျိုး မြေစေးကွင်း နိုင်ပွဲရခဲ့တာက ယုံကြည်မှုကို ပိုမိုတိုးမြှင့်စေခဲ့ပါတယ်လို့ အိုဆာကာက ချန်ပီယံဆု ရယူအပြီးမှာ ပြောသွားခဲ့ပါတယ်။ အိုဆာကဟာ အခုနှစ်ရဲ့ ပထမဆုံး ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ဩစတြေးလျအိုးပင်းမှာ တတိယအဆင့်အထိ တက်ရောက်နိုင်ခဲ့ပြီး လာမယ့် ပြင်သစ် အိုးပင်းမှာတော့ ပိုကောင်း တဲ့ ရလဒ်တစ်ခုရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။၊