ဗြိတိန်တင်းနစ်သမားဟောင်း အင်ဒီမာရေးဟာ အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲတွေမှာ ဆားဘီးယား နိုင်ငံသား ဂျိုကိုဗစ်ရဲ့ နည်းပြအဖြစ် ပြန်လည်တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ အေတီပီ မာစတာအမျိုးအစား ပြိုင်ပွဲတွေဖြစ်ကြတဲ့ အဲဒီပြိုင်ပွဲ ၂ ခုစလုံးမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး နည်းပြ အင်ဒီမာရေးရဲ့အဖွဲ့ကလည်း အမေရိကန်နိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ဂျိုကိုဗစ်နဲ့ ပူးပေါင်းဖို့အတွက် တနင်္လာနေ့က ထွက်ခွာသွားပြီလို့ သိရပါတယ်။ အင်ဒီယန်းဝဲလ် ပြိုင်ပွဲရဲ့ ပွဲစဉ်တွေ ကို အခုတစ်ပတ်ထဲမှာ စတင်ကျင်းပမှာဖြစ်ပြီး မိုင်ယာမီအိုးပင်း ပြိုင်ပွဲကတော့ မတ်လ ၁၉ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ကာတာအိုးပင်း ပြိုင်ပွဲကို နောက်ဆုံး ယှဉ်ပြိုင်ထားပြီး အဲဒီပြိုင်ပွဲမှာတော့ အင်ဒီမာရေးက နည်းပြအဖြစ် တာဝန်မယူခဲ့ဘူးလို့ သိရပါတယ်။ဂျိုကိုဗစ်ဟာ ဩစတြေးလျအိုးပင်းပြိုင်ပွဲမတိုင်မီ အင်ဒီမာရေးနဲ့ စတင်လက်တွဲခဲ့တာဖြစ်ပြီး ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၇ မှာရပ်တည်နေတဲ့ ဂျိုကိုဗစ်ဟာ ၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်ဒီယန်းဝဲလ်နဲ့ မိုင်ယာမီအိုးပင်း ပြိုင်ပွဲ ၂ ခုစလုံးကို ပါဝင်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။