၂၀၂၅ ဩစတြေးလျအိုးပင်းချန်ပီယံ မက်ဒီဆင်ကီးစ်နဲ့ ဂရင်းစလမ်ချန်ပီယံဆု ၄ ကြိမ်ရထားတဲ့ ဂျပန်တင်းနစ်မယ် အိုဆာကာတို့ ၂၀၂၅ ကွင်းစ်ကလပ် ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

အခုနှစ်ပြိုင်ပွဲမှာ ၁၉၇၃ နောက်ပိုင်း အမျိုးသမီးတင်းနစ်ပွဲတွေကို ပထမဆုံးအကြိမ် ပြန်လည်ထည့်သွင်းကျင်းပမှာဖြစ်ပြီး ယူအက်စ်အိုးပင်းချန်ပီယံဟောင်း ရာဒူကာနူနဲ့ အိစ်ဘောင်း ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ကာဆက်ကီနာတို့လည်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဇွန်လထဲမှာ ကျင်းပမယ့် ကွင်းစ်ကလပ် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ နာမည်ကြီးတင်းနစ်မယ်အများစု ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ် လို့ ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ လော်ရာရော့ဘ်ဆန်က ပြောသွားခဲ့ပါတယ်။

အမျိုးသမီးပြိုင်ပွဲတွေ ပြန်လည်ပါဝင် လာချိန်မှာ အခုလို နာမည်ကျော်တင်းနစ်မယ်တွေ ပါဝင်တဲ့အတွက် စိတ်လှုပ်ရှားစရာ ဖြစ်မှာပါလို့ ပြိုင်ပွဲကျင်းပ ရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။ ဂရင်းစလမ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ အကြို ပွဲစဉ်တစ်ခုဖြစ်တဲ့ ကွင်းစ်ကလပ်ပြိုင်ပွဲမှာ အမျိုးသမီးပွဲစဉ်တွေကို အမျိုးသားပွဲစဉ်တွေထက် တစ်ပတ်စောပြီး ကျင်းပမှာ ဖြစ်ပါတယ်။