ကာတာအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဆီမီးဖိုင်နယ်မှာ ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဟာ နှစ်နှစ်အတွင်း အကြီးမားဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။ဆီမီးဖိုင်နယ်ပွဲအဖြစ် ဆီဒင်အဆင့်-၂ ဆွီယာတက်ခ်နဲ့ လတ်ဗီးယားတင်းနစ်မယ် အော်စတာပန်ကိုတို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အော်စတာပန်ကိုက ၁ နာရီနဲ့ ၈ မိနစ်အတွင်းမှာပဲ (၆း၃၊၆း၁)ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။

ဆွီယာတက်ခ်အနေနဲ့ အခုလိုပြိုင်ဘက်ရဲ့ တစ်ဖက်သတ်ဆန်ဆန်အနိုင်ယူခြင်းကို နောက်ဆုံးရခဲ့တာက ၂၀၂၃ အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာဖြစ်ပြီး ရိုင်ဘာကီနာကို (၆း၂၊၆း၂)ဆိုတဲ့ရလဒ်နဲ့ အရှုံးပေးထားခဲ့ရဖူးတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုပွဲမှာ အသက် ၂၃ နှစ်အရွယ် ဆွီယာတက်ခ်ရဲ့ ၁၅ ပွဲဆက်အနိုင်ရမှုလည်း ရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၃၇ မှာရပ်တည်နေတဲ့ အော်စတာပန်ကိုအတွက်တော့ ဆွီယာတက်ခ်နဲ့ ထိပ်တိုက်ဆုံတွေ့ခဲ့တဲ့ ၅ ပွဲစလုံးမှာ အနိုင်ရတဲ့ မှတ်တမ်းကောင်းကို ရယူသွားနိုင်ခဲ့တာ လည်းဖြစ်ပါတယ်။

ဆွီယာတက်ခ်လို ကမ္ဘာ့အဆင့်-၁ မှာ ရပ်တည်နိုင်ခဲ့ဖူးတဲ့ တင်းနစ်မယ်တစ်ယောက် ကို အနိုင်ရခဲ့တာက ယုံကြည်ချက်ကို ပိုပြီးတော့ တိုးစေခဲ့ပါတယ်လို့ ပွဲအပြီးမှာ အော်စတာပန်ကိုက ပြောသွားခဲ့ပါတယ်။ ကာတာအိုးပင်းဗိုလ်လုပွဲမှာတော့ အော်စတာပန်ကိုဟာ အမေရိကန်တင်းနစ်မယ် အန်နီစီမိုဗာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။