အီတလီအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲမှာ ဂျပန်တင်းနစ်မယ် အိုဆာကာ အနိုင်ရပြီး တတိယအဆင့်ကို တက်ခဲ့ပါတယ်။ ဒုတိယအဆင့်ပွဲအဖြစ် အိုဆာကာဟာ ဆီဒင်အဆင့် ၉ ရထားတဲ့ စပိန် တင်းနစ်မယ် ဘာဒိုဆာနဲ့ ယှဉ်ပြိုင်ရဖို့ ရှိပေမယ့် ပွဲမကစားခင် ၁ နာရီခွဲအလိုမှာ ဘာဒိုဆာက ဒဏ်ရာပြဿနာ ကြောင့် ပြိုင်ပွဲကနေ ထွက်သွားခဲ့လို့ ဆွစ်ဇာလန်တင်းနစ်မယ် ဂိုလူဘစ်က အစားထိုးဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကမှ ၂၀၂၁ ဩစတြေးလျအိုးပင်းနောက်ပိုင်း ပထမဆုံး ချန်ပီယံဆုအဖြစ် စိန့်မာလို ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ အိုဆာကာဟာ အခုပြိုင်ပွဲမှာလည်း ပုံစံကောင်းကို ဆက်ထိန်းထား နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန်က ၁ နာရီခွဲနီးပါးသာ ကြာမြင့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အိုဆာကာက (၂း၆၊၇း၅၊၆း၁) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ တတိယ အဆင့်မှာတော့ အိုဆာကာဟာ ချက်ဇ်တင်းနစ်မယ် ဘော့ဇ်ကိုဗာနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲကနေ ဒဏ်ရာကြောင့် ထွက်ခဲ့ရတဲ့ ဘာဒိုဆာအနေနဲ့ကတော့ မကြာခင် ကျင်းပတော့မယ့် ပြင်သစ် အိုးပင်းပြိုင်ပွဲအမီ ဒဏ်ရာသက်သာ စေဖို့ အလျင်အမြန် ကြိုးစားရတော့မှာလည်း ဖြစ်ပါတယ်။