ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် အသက် ၁၇ နှစ်အရွယ် ရုရှားတင်းနစ်မယ် အန်ဒရီဗာဟာ WTA တိုးချန်ပီယံဆုကိုရတဲ့ အသက်အငယ်ဆုံးတင်းနစ်မယ် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ အန်ဒရီဗာဟာ ပြိုင်ဘက်ဖြစ်တဲ့ ဒိန်းမတ်နိုင်ငံသူ တော်ဆန်ကို (၇း၆၊၆း၁)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

အန်ဒရီဗာဟာ အခုနှစ်ပြိုင်ပွဲမှာ ဂရင်းစလမ်ချန်ပီယံဆုရှင်တွေ ဖြစ်ကြတဲ့ ဗွန်ဒရော့ဆိုဗာ၊ ဆွီယာတက်ခ်နဲ့ ရိုင်ဘာကီနာတို့ကို အနိုင်ယူပြခဲ့ပြီး အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့အတွက် ကမ္ဘာ့အဆင့်ထိပ်ဆုံး ၁၀ ယောက်မှာ ပထမဆုံးအကြိမ် ရပ်တည်ခွင့်ရဖို့ သေချာသွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်ထုတ်ပြန်ချက်မှာ အန်ဒရီဗာဟာ ကမ္ဘာ့အဆင့် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ ပါတယ်။

အခုနှစ်ထဲမှာ ကမ္ဘာ့အဆင့်ထိပ်ဆုံး ၁၀ ယောက်အတွင်း ရပ်တည်နိုင်ဖို့ကို ပစ်မှတ်ထားခဲ့ပေမယ့် အခု ဖေဖော်ဝါရီလအတွင်းမှာပဲ စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်လို့ အန်ဒရီဗာက ပြောခဲ့ပါတယ်။ အခုပြိုင်ပွဲမှာ နာမည်ကျော်တင်းနစ်မယ်တွေကို အနိုင်ယူနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် အန်ဒရီဗာဟာ လာမယ့် ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေ သတိထားရမယ့် တင်းနစ်မယ်တစ်ယောက်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။