တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ချမှတ်ခဲ့တဲ့ ၃ လပွဲပယ်ပြစ်ဒဏ်ကို အီတလီ တင်းနစ်သမား ဆင်နာဘက်က လက်ခံလိုက်ပြီလို့ သိရပါတယ်။

၂၀၂၄ မတ်လအတွင်း ဆင်နာရဲ့ ဆေးစစ်ချက် တွေမှာ တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်လပ်သောခုံရုံးရဲ့ စစ်ဆေးမှုတွေအပြီး ဆင်နာမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ အတွက် ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေး အေဂျင်စီဘက်က အားကစားဆိုင်ရာအမြင့်ဆုံးဖြစ်တဲ့ (CAS)ကို အယူခံဝင် ခဲ့ရာမှာ စစ်ဆေးမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက် ဆင်နာကို ၃ လပွဲပယ်ပြစ်ဒဏ်ချမှတ်ကြောင်း CAS ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ဆင်နာဘက်က ပွဲပယ်ပြစ်ဒဏ်ကို လက်ခံခဲ့တဲ့အတွက် ၂၀၂၅ ဖေဖော်ဝါရီလ ၉ ရက် နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး ၂၀၂၅ခုနှစ် မေလ ၄ ရက်နေ့မှာ ပွဲပယ်ကာလပြီးဆုံးမှာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်-၁ ဆင်နာအနေနဲ့ ပွဲပယ်ကာလအတွင်း အေတီပီတိုး ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပေမယ့် အခုနှစ်ရဲ့ ဒုတိယမြောက် ဂရင်းစလမ်ပြိုင်ပွဲဖြစ်တဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲအမီ ပြန်လည်ကစားခွင့်ရမှာဖြစ်ပါတယ်။