ဗြိတိန်တင်းနစ်မယ် ရာဒူကာနူဟာ ကာတာအိုးပင်း ပထမအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားဘဝ ပထမဆုံး အကြိမ် ၄ ပွဲဆက်တိုက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ ရုရှားတင်းနစ်မယ် အဲလက်ဇန်ဒရိုဗာနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ကာတာအိုးပင်း ပထမအဆင့်ပွဲမှာ ရာဒူကာနူက ပွဲကို ဦးဆောင်ကစားနိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲလက်ဇန်ဒရိုဗာ က အမှတ်တွေ ပြန်လည်ရယူနိုင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ အဲလက်ဇန်ဒရိုဗာက (၆း၃၊၇း၅)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရ ခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒိုဟာမှာ ကျင်းပတဲ့ အခုပြိုင်ပွဲကို ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း ရာဒူကာနူအနေနဲ့ လက်ရည်စစ်ပွဲကစားစရာမလိုဘဲ အလိုအလျောက်ဝင်ခွင့် ရခဲ့တာပါ။ ဒါပေမဲ့ အခုနှစ် အစပိုင်းမှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရာဒူကာနူဟာ အခုပြိုင်ပွဲမှာလည်း ရလဒ်ဆိုးနဲ့အတူ စောစော စီးစီးပဲ ပြိုင်ပွဲကနေ ထွက်လိုက်ရပါတယ်။

ဩစတြေးလျအိုးပင်းမှာ တတိယအဆင့်အထိ ရောက်ခဲ့တဲ့ ရာဒူကာနူ ဟာ အဲဒီပွဲနောက်ပိုင်း ကစားခဲ့တဲ့ စင်ကာပူအိုးပင်း၊ အဘူဒါဘီအိုးပင်း ပြိုင်ပွဲတွေမှာ ပထမအဆင့်မှာပဲ ရှုံးပြီး ထွက်ခဲ့ရသလို အခု ကာတာအိုးပင်းမှာလည်း ပထမအဆင့်မှာပဲ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ တော့ ရာဒူကာနူဟာ ကမ္ဘာ့အဆင့်-၃၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။