ဂရင်းစလမ်ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ ကမ္ဘာ့အဆင့်-၁ ဟောင်း ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာ ဟာလပ် ဟာ ကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ထရန်ဇယ် ဗေးနီးယား အိုးပင်းတင်းနစ်ပြိုင်ပွဲ ပထမအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဟာလပ်က သူမရဲ့ ဆုံးဖြတ်ချက်ကို ကြေညာသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဩစတြေးလျအိုးပင်းလက်ရည်စစ်ပွဲမှာ ဒူးဒဏ်ရာရခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ ဟာလပ်က ပြောထားခဲ့ဖူးတာပါ။ အခုယှဉ်ပြိုင်ခဲ့တဲ့ ထရန်ဇယ်ဗေးနီးယား အိုးပင်းပြိုင်ပွဲဟာ တားမြစ်ဆေးပြဿနာကြောင့် ၂ နှစ်နီးပါး ပွဲပယ်ခံရပြီးနောက်ပိုင်း ဟာလပ် ပြန်ကစားတဲ့ ၅ ခုမြောက် WTA တိုးပွဲစဉ်လည်း ဖြစ်ပါတယ်။ ရှုံးပွဲအပြီး ပရိသတ်ကို ပြောကြားရာမှာ အခုဆုံးဖြတ်ချက်အတွက် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာဖြစ်သလို ကမ္ဘာ့အဆင့်-၁ နေရာအထိ ရောက်ခဲ့တဲ့ ဖြစ်ရပ် အပါအဝင် တင်းနစ်နဲ့အတူ အမှတ်ရစရာတွေ အများကြီးရရှိခဲ့ပါတယ်လို့ ဟာလပ်က ထည့်သွင်းပြောကြား သွားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဟာလပ်ဟာ ၂၀၁၈ မှာ ကစားသမားဘဝ ပထမဆုံးဂရင်းစလမ် ချန်ပီယံဆုအဖြစ် ပြင်သစ်အိုးပင်းချန်ပီယံဆုကို ရခဲ့ပြီး ၂၀၁၉ မှာ ဝင်ဘယ်ဒန်ချန်ပီယံဆုကို ဆက်လက်ရယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ WTA တိုးချန်ပီယံဆုကို ၂၂ ကြိမ်ရယူနိုင်ခဲ့တဲ့ ဟာလပ်ဟာ ကမ္ဘာ့အဆင့်-၁ နေရာမှာ ၆၄ ပတ်ကြာ ရပ်တည်နိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။