ဇူလိုင်လ ၂၈ ရက်က ကျင်းပခဲ့တဲ့ ပဲရစ်အိုလံပစ် အမျိုးသား မီတာ ၁၀၀ ရင်ပေါင်တန်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အီတလီနိုင်ငံသား မာတီနန်ဂီက ရွှေတံဆိပ်ဆုကို ရယူသွားနိုင်ခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲ နောက်ဆုံး နှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရယူထားတဲ့ ဗြိတိန်နိုင်ငံသား အဒမ်ပီတီရဲ့ ၃ ကြိမ်ဆက် ရွှေတံဆိပ် ရယူရေးမျှော်လင့်ချက်ကို မာတီနန်ဂီက ဖျက်ဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အနိုင်ရဖို့ ရေပန်းစားခဲ့တဲ့ အဒမ်ပီတီကလည်း အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် မာတီနန်ဂီထက် ၀ ဒသမ ၀၂ စက္ကန့် နောက်ကျခဲ့လို့ အမေရိကန် နိုင်ငံသား မိုက်ကယ်ဖဲလ် နောက်ပိုင်း အိုလံပစ် မီတာ ၁၀၀ ရင်ပေါင်တန်း ရွှေတံဆိပ်ဆုကို ၃ ကြိမ်ဆက် ရယူနိုင်မယ့် ပထမဆုံး ကစား သမားဖြစ်ခွင့်ကို လက်လွှတ်ခဲ့ရတာပါ။
တတိယဆုကိုတော့ အမေရိကန်နိုင်ငံသား နစ်ဖင့်ခ်က ရရှိသွားခဲ့ပါတယ်။ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူနိုင်ဖို့ဆိုတာက အိပ်မက်တစ်ခုဖြစ်ခဲ့သလို အခုချိန်မှာတော့ အိပ်မက်တွေ အမှန် တကယ်ဖြစ်လာခဲ့တဲ့အတွက် ကျေနပ်မိပါတယ်လို့ ရွှေတံဆိပ်ဆု လက်ခံရယူအပြီးမှာ မာတီနန်ဂီက ပြောသွားခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ် မာတီနန်ဂီဟာ ပြီးခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲရဲ့ မီတာ ၁၀၀ ရင်ပေါင်တန်း ရေကူးပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုသာရခဲ့ပေမယ့် အခုနှစ် အိုလံပစ်ပြိုင်ပွဲမှာတော့ ကစားသမားဘဝ ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုကို ရယူသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။