မျိုးဆက်သစ် မြန်မာ့လက်ရွေးစင်အမျိုးသား၊အမျိုးသမီးလူငယ်ကစားသမားတွေ ရှာဖွေဖော်ထုတ်ရေးနဲ့ သက်တမ်း အလိုက်မြန်မာ့လက်ရွေးစင်အသင်းတွေ အောင်မြင်မှုရရှိရေးအတွက် လူငယ်မျိုးဆက်သစ်ရှာဖွေဖော်ထုတ်ရေး (Scouting) တာဝန်ခံအဖြစ် ဦးကြည်လွင်ကိုခန့်အပ်လိုက်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။
ဦးကြည်လွင်ဟာ လိဂ်ပြိုင်ပွဲတွေ၊ MFF ကကျင်းပတဲ့ ယူ-၁၅၊ ယူ-၁၇ လိဂ်ပြိုင်ပွဲတွေ၊ သက်တမ်းအလိုက်ပြိုင်ပွဲတွေကနေ လူငယ်ကစားသမားတွေကို အကဲဖြတ်လေ့လာမှုတွေပြုလုပ်တာ၊ နှစ်စဉ်ဆောင်ရွက်နေတဲ့ လူငယ်နဲ့အကယ်ဒမီ ကစားသမားရွေးချယ်ပွဲတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ကျင်းပတဲ့ လူငယ်ပြိုင်ပွဲတွေက ထူးချွန်မျိုးဆက်သစ်တွေကိုရှာဖွေဖော်ထုတ်တာစတဲ့ Scouting လုပ်ငန်းတွေကို ဦးစီးဆောင်ရွက်သွားရမှာဖြစ်တယ်လို့သိရပါတယ်။

ဦးကြည်လွင်ဟာ ၂၀၁၅ ဆီးဂိမ်းစ်ငွေတံဆိပ်ဆုရ မြန်မာ ယူ ၂၃ အသင်းနည်းပြအဖြစ်အောင်မြင်ခဲ့ပြီး မြန်မာ့လက်ရွေးစင်အသင်းလက်ထောက်နည်းပြအဖြစ်လည်း ၂၀၀၆ မာဒေးကားဖလားချန်ပီယံဆုကိုရရှိခဲ့ကာ အာဆီယံလူငယ်ပြိုင်ပွဲတွေမှာ ဝါရင့်နည်းပြတွေနဲ့တွဲဖက်ပြီး မြန်မာလူငယ်အသင်းတွေကို အောင်မြင်မှုရရှိစေဖို့ စွမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။