နော်ဝေနိုင်ငံသား အင်ဂီဘရစ်ဆန်ဟာ ရုံတွင်းအပြေးပြိုင်ပွဲရဲ့ ကမ္ဘာ့စံချိန် ၂ ခုကို ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ရုံတွင်းပြိုင်ပွဲမှာ ချိုးဖျက်နိုင်ခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် အင်ဂီဘရစ်ဆန်ဟာ ၁ မိုင်အပြေးပြိုင်ပွဲနဲ့ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွေမှာ ကမ္ဘာ့စံချိန်တွေကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

၁ မိုင်အပြေးပြိုင်ပွဲမှာ အိုလံပစ် မီတာ ၅၀၀၀ ချန်ပီယံ အမေရိကန်နိုင်ငံသား ယာရက် တင်ထားခဲ့တဲ့ ၃ မိနစ် ၄၆ ဒသမ ၆၃ စက္ကန့်စံချိန်ကို အင်ဂီဘရစ်ဆန်က ၃ မိနစ် ၄၅ ဒသမ ၁၄ စက္ကန့်နဲ့ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂီဘရစ်ဆန်ဟာ လွန်ခဲ့တဲ့ ၃ နှစ်က သူကိုယ်တိုင်တင်ထားခဲ့တဲ့ ရုံတွင်း မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ ကမ္ဘာ့စံချိန်ဖြစ်တဲ့ ၃ မိနစ် ၃၀ ဒသမ ၆၀ စက္ကန့်ဆိုတဲ့ စံချိန်ကို အခုပြိုင်ပွဲမှာ ၃ မိနစ် ၂၉ ဒသမ ၆၃ စက္ကန့်နဲ့ ချိုးဖျက်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင် ခဲ့ပါတယ်။

ကမ္ဘာ့စံချိန်သစ်တင်နိုင်တဲ့ ခံစားချက်က အရမ်းကောင်းသလို အခုလို စွမ်းဆောင်နိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်လို့ ပွဲအပြီးမှာ အင်ဂီဘရစ်ဆန်က ပြောသွားခဲ့ပါတယ်။ နှစ်အစပိုင်းမှာပဲ အခုလိုမျိုး ကမ္ဘာ့စံချိန် သစ်တင်နိုင်ခဲ့တဲ့အတွက် နောက်ထပ်ပြိုင်ပွဲတွေမှာပါ ရလဒ်ကောင်းရယူနိုင်ဖို့ကို တွန်းအားဖြစ်စေခဲ့တယ်လို့လည်း အင်ဂီဘရစ်ဆန်က ပြောသွားခဲ့ပါတယ်။