နာမည်ကျော် ဂေါ့ဖ်ကစားသမားနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အတူယှဉ်ပြိုင်စေတဲ့ PNC ချန်ပီယံရှစ်ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ်ရဲ့ သားဖြစ်သူ အသက် ၁၅ နှစ်အရွယ် ချာလီဝုဒ်က တစ်ချက်တည်း ကျင်းဝင်အောင် ရိုက်ပြသွားနိုင်ခဲ့ ပါတယ်။ ပြိုင်ပွဲရဲ့နောက်ဆုံးနေ့ ပွဲစဉ်တွေမှာ ဖခင်ဖြစ်သူ တိုက်ဂါးဝုဒ်နဲ့အတူ ပြိုင်ပွဲဝင်ပြိုင်နေတဲ့ ချာလီဝုဒ်က တစ်ချက်တည်းကျင်းဝင်အောင် ရိုက်ပြသွားခဲ့တာပါ။

နောက်ဆုံးနေ့ပွဲတွေအပြီးမှာ တိုက်ဂါးဝုဒ်တို့ သားအဖ အတွဲနဲ့ ဘန်ဟတ်လန်ဂါနဲ့ သားဖြစ်သူ ဂျေဆင်တို့အတွဲက သတ်မှတ်ရိုက်ချက်အောက် ၂၈ ချက်စီလျှော့ရိုက်ပြီး တူညီနေခဲ့လို့ ချန်ပီယံဆုအတွက် အဆုံးအဖြတ် ပလေးအော့ဖ်ကို ဆက်ကစားခဲ့ရပါတယ်။ ပလေးအော့ဖ်မှာတော့ လန်ဂါတို့အတွဲက အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

ဖခင်ဖြစ်သူနဲ့အတူ ပြိုင်ပွဲဝင်ရသလို အခုလိုမျိုး တစ်ချက်တည်း ကျင်းဝင်ခဲ့တဲ့အတွက် ခံစားမှုကတော့ ဖော်မပြနိုင်အောင် ဖြစ်ရတယ်လို့ ချာလီဝုဒ်က ပြောပါတယ်။ အခုပြိုင်ပွဲက တိုက်ဂါးဝုဒ်အတွက် ပြီးခဲ့တဲ့ ဇူလိုင်လနောက်ပိုင်း ပထမဆုံးပြိုင်ပွဲဝင်မှုဖြစ်သလို ပြိုင်ပွဲတွေ ပြန်ဝင်ပြိုင်ဖို့အတွက် ပုံစံကောင်းကိုလည်း ပြသနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။သားဖြစ်သူနဲ့အတူ ပြိုင်ပွဲတစ်လျှောက် အံ့ဩဖွယ်ကောင်းအောင် ပြိုင်ပွဲဝင်နိုင်ခဲ့တဲ့အတွက် ကျေနပ်ရသလို အခုပုံစံကို ဆက်ထိန်းပြီး ပြိုင်ပွဲတွေ ပြန်ဝင်ပြိုင်နိုင်ဖို့ကို ကြိုးစားသွားမယ်လို့ တိုက်ဂါးဝုဒ်က ပြောသွားခဲ့ပါတယ်။