2025 SKY NET ပိုက်ကျော်ခြင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲကြီးကို လာမဲ့ ဩဂုတ်လ(၁၇)ရက်ကနေ (၂၄)ရက်အထိ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်အင်ဒိုးကွင်းမှာ ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။ပြိုင်ပွဲကို ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နဲ့ SKY NETတို့ ပူးပေါင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

ပိုက်ကျော်ခြင်း ဖိတ်ခေါ်ဖလား ပြိုင်ပွဲကျင်းပရတာက ပြည်တွင်းကနေ ပြည်ပအထိ အောင်မြင်တဲ့ ပိုက်ကျော်ခြင်း အားကစားတစ်ရပ် ဖြစ်နိုင်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအနေနဲ့ ကန့်သတ်ချက်မရှိ ပါဝင် ယှဉ်ပြိုင်နိုင်မှာ ဖြစ်တယ်လို့ SKY NET ပိုက်ကျော်ခြင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲ ကျင်းပရေးတာဝန်ခံ ကိုသစ္စာက ပြောပါတယ်။ SKY NET ပိုက်ကျော်ခြင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား(၃)မျိုး ပါဝင်မှာဖြစ်ပြီး အမျိုးသား (၄) ယောက်တွဲ၊ အမျိုးသား(၃)ယောက်တွဲနဲ့ အမျိုးသမီး(၃)ယောက်တွဲ ပြိုင်ပွဲတွေ ပါဝင်ပါတယ်။

ပြိုင်ပွဲမှာ ချီးမြှင့်မဲ့ဆုတွေကိုလည်း အရင်နှစ်ကထက် ဆုကြေးငွေ တိုးမြှင့်ပေးထားတယ်လို့ ဆိုပါတယ်။SKY NET ပိုက်ကျော်ခြင်း ဖိတ်ခေါ်ဖလား ပြိုင်ပွဲကြီးကို SKY NET SPORTS X ရုပ်သံလိုင်းနဲ့ SKY NET APPLICATION တို့ကနေ တိုက်ရိုက်(LIVE)ထုတ်လွှင်ပြသသွားမှာဖြစ်ပြီး အုပ်စုပွဲစဉ်တချို့ကို Free to air ရုပ်သံလိုင်းတွေဖြစ်တဲ့ Channel 9 နဲ့ MNTV ရုပ်သံလိုင်းတွေကလည်း တိုက်ရိုက်(LIVE) ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။