ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဇွန်လ ၇ ရက်မှာ ကျင်းပမဲ့ နိုင်ငံတကာလက်လှဲပြိုင်ပွဲကို တာချီလိတ်မြို့က အသက် ၁၆ နှစ်အရွယ် မောင်အောင်သူရစံ သွားရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

မောင်အောင်သူရစံဟာ ပြည်တွင်းမှာ ဝါသနာရှင်လူငယ်တွေ စုပေါင်းကျင်းပခဲ့တဲ့ လက်လှဲပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး ဆုတွေလည်း ရခဲ့သူဖြစ်ပါတယ်။ အခုနိုင်ငံတကာလက်လှဲပြိုင်ပွဲမှာ မောင်အောင်သူရစံက အသက်(၁၈)နှစ်အောက် ပြိုင်ပွဲနဲ့ အသက်(၁၈)နှစ်အထက် အလွတ်တန်းပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားက လက်လှဲကစားသမားတွေကလည်း မောင်အောင်သူရစံကို ဆိုရှယ်မီဒီယာကတစ်ဆင့် ဆက်သွယ်ပြီး လာရောက် ယှဉ်ပြိုင်ခဲ့တာတွေ ရှိတယ်လို့ သိရပါတယ်။ လက်လှဲအားကစားနည်းကို ပြည်တွင်းမှာ အားကစား နည်း တစ်ရပ်အနေနဲ့ သတ်မှတ်မထားဘဲ ဝါသနာရှင်လူငယ်တွေ စုပေါင်းကျင်းပတဲ့ ပြိုင်ပွဲတွေလောက်သာ ရှိသေးတာ ဖြစ်ပါတယ်။