စင်္ကာပူ အိုးပန်း Singapore Open ကြက်တောင်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ ထိုင်းကစားသမား ခွန်လာဝတ် Kunlavut က တရုတ်(တိုင်ပေ) က လင်ချွန်ယီ Lin Chunyi ကို အနိုင်ရိုက်ခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်သွားသလို အဲဒီအနိုင်ပွဲအပြီးမှာ ကမ္ဘာ့ နံပါတ်-၁ အမျိုးသားတစ်ဦးချင်း ကြက်တောင်အာကစားသမားအဖြစ်လည်း မှတ်တမ်းတင်ခံခဲ့ရတယ်လို Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံရဲ့ အမျိုးသား တစ်ဦးချင်း ကြက်တောင်အားကစား သမားတွေထဲမှာ ပထမဆုံး ကမ္ဘာ့အဆင့်-၁ ဖြစ်လာပြီး ထိုင်းနိုင်ငံ ကြက်တောင်အားကစားအတွက် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာတယ်လို ဆိုပါတယ်။ အသက် ၂၄ နှစ်အရွယ် Kunlavut ဟာ ကမ္ဘာ့အဆင့်-၁၉ ဖြစ်တဲ့ ပြိုင်ဘက်ကို ၂ ပွဲပြတ်နဲ့ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ ဗိုလ်လုပွဲမှာ ပြင်သစ် ကြက်တောင်သမားကို အနိုင်ယူခဲ့တဲ့ တရုတ်ရဲ့ လူဂွမ်ဇူ Lu Guanzu နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လူဂွမ်ဇူ Lu Guanzu ဟာ လက်ရှိ ကမ္ဘာ့အဆင့် ၁၄ ရှိတဲ့ ကြက်တောင်အားကစားသမား ဖြစ်ပြီး ၂၀၂၅ အာရှ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ငွေတံဆိပ် ဆွတ်ခူးထားသူ ဖြစ်ပါတယ်။ Singapore Open ပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၁ သန်း ချီးမြှင့်မှာ ဖြစ်တယ်လိုလည်း သိရပါတယ်။