ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပခဲ့တဲ့ ဒိုင်းမွန်းလိဂ်ပွဲစဉ်မှာ ဆွီဒင်နိုင်ငံသား ဒူပလန်တစ်ဟာ တုတ်ထောက် ခုန် ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒူပလန်တစ်ဟာ ၆ ဒဿမ ၂၈ မီတာအမြင့်ကို ခုန်ပြခဲ့ပြီး ကမ္ဘာ့စံချိန်သစ်ကို ၁၂ ကြိမ်မြောက်အဖြစ် တင်နိုင်ခဲ့ပါတယ်။

ဒူပလန်တစ်အနေနဲ့ ကစားသမားဘဝ ဆွီဒင်မြေပေါ်မှာ ကမ္ဘာ့စံချိန်သစ်ကို ပထမဆုံးအကြိမ် တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆွီဒင်မြေပေါ်မှာ ကမ္ဘာ့ စံချိန်သစ် တင်နိုင်ဖို့ဆိုတာ ကစားသမားဘဝ အိပ်မက်တွေထဲက တစ်ခုဖြစ်ပြီး အခုချိန်မှာတော့ ဒီအိပ်မက်က ပြည့်ဝလာခဲ့ပြီ ဖြစ်ပါတယ်လို့ ဒူပလန်တစ်က ပြောသွားခဲ့ပါတယ်။ တုတ်ထောက်ခုန် အရင်စံချိန်ကိုလည်း ဒူပလန်တစ်ပဲ တင်ထားခဲ့တာဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ၆ ဒသမ ၂၇ မီတာကို ခုန်ပြ ခဲ့တာဖြစ်ပါတယ်။

၄ လအကြာမှာပဲ ဒူပလန်တစ်ဟာ သူ့ရဲ့ကမ္ဘာ့စံချိန်ဟောင်းကို ချိုးဖျက်ခဲ့ပြီး ကမ္ဘာ့စံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။ ၂၀၂၀ ဖေဖော်ဝါရီလမှာ ၆ ဒသမ ၁၇ မီတာနဲ့ တုတ်ထောက်ခုန် ကမ္ဘာ့စံချိန်သစ်ကို ပထမဆုံး အကြိမ် တင်နိုင်ခဲ့တဲ့ ဒူပလန်တစ်ဟာ ၅ နှစ်ကျော်ကြာ ကာလအတွင်း ကမ္ဘာ့စံချိန်သစ် ၁၂ ကြိမ်အထိ တင်ထား နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။