ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မတ်လ ၂၁ ရက်မှာ ကျင်းပမဲ့ One Friday Fights 101 ပြိုင်ပွဲမှာ မြန်မာဖိုက်တာတွေ ဖြစ်တဲ့ သွေးလင်းထက်နဲ့ အဲမွီတို့ရဲ့ပွဲစဉ်တွေ ပါဝင်မှာဖြစ်တယ်လို့ One Championship ကနေ သိရပါတယ်။

သွေးလင်းထက်က ထိုင်းဖိုက်တာ ဝမ်တာဝီ၊ အဲမွီက အစ္စရေး/အမေရိကန် ဖိုက်တာ ဂေါ်ဒွန်တို့နဲ့ ယှဉ်ပြိုင် ထိုးသတ်မှာဖြစ်ပါတယ်။သွေးလင်းထက်ဟာ One Championshipမှာ ၃ ပွဲထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသူပါ။ ပြိုင်ဘက် ဖြစ်သူ ဝမ်တာဝီကတော့ အခုနှစ်မှ One Championship နဲ့ စတင်လက်တွဲပြီး တစ်ပွဲထိုးသတ်ထားကာ အနိုင်ရ ထားပါတယ်။

အဲမွီကတော့ အခုနှစ်အတွင်း ဒုတိယမြောက် ထိုးသတ်ရတာဖြစ်ပြီး ၃ ပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲ ရှုံးနိမ့် ထားပါတယ်။ အဲမွီနဲ့ထိုးသတ်မယ့် အသက် ၁၈ နှစ်အရွယ် ဂေါ်ဒွန်ကတော့ One Championship မှာ ပထမဆုံး ပွဲကို ထိုးသတ်ရမှာဖြစ်ပါတယ်၊၊ One Friday Fights 101 ပြိုင်ပွဲမှာ တွဲဆိုင်းစုစုပေါင်း ၁၂ ပွဲပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်၊၊