ဗြိတိန်နိုင်ငံရဲ့ အအောင်မြင်ဆုံး နှင်းလျှောစီး ကစားသမား ဒေ့ဗ်ရိုင်ဒင်းဟာ ၂၀၂၆ ဖေဖော်ဝါရီမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအပြီးမှာ ကစားသမားဘဝကနေ အနားယူမှာဖြစ်တယ်လို့ အတည်ပြုသွားပါတယ်။

အသက် ၃၈ နှစ်အရွယ် ရိုင်ဒင်းဟာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ၂၀၁၀ ကနေ ၂၀၂၂ အထိ ၄ ကြိမ်ဆက် ပါဝင် ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ်ရယူနိုင်တာတော့ မရှိခဲ့ပါဘူး။ အခုနှစ် အစောပိုင်းမှာတော့ ရိုင်ဒင်းဟာ ၁၉၃၄ နောက် ပိုင်း ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗြိတိန်ကစားသမားတစ်ယောက်အနေနဲ့ အကောင်းဆုံးရပ်တည်မှုအဖြစ် အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရိုင်ဒင်းဟာ နှင်းလျှောစီးကစားသမားဘဝ ကမ္ဘာ့ဖလား ၁၅ ရာသီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၂၀၂၂ ခုနှစ်မှာ အမျိုးသား ဆလာလွန်(Slalom)စီးရီးမှာ အနိုင်ရခဲ့ပြီး ဗြိတိန် နှင်းလျှောစီး ကစား သမားတွေထဲက ပထမဆုံး အနိုင်ရသူ ဖြစ်ခဲ့ပါတယ်။

လာမယ့် ၂၀၂၆ မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲက ရိုင်ဒင်းရဲ့ ကစားသမားဘဝ ၅ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲဖြစ်သလို နောက်ဆုံး အိုလံပစ်ပြိုင်ပွဲလည်း ဖြစ်လာမှာပါ။ တစ်နှစ်ထက်တစ်နှစ် အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကြိုးစားခဲ့သလို လာမယ့် အိုလံပစ်ပြိုင်ပွဲ အပြီးမှာတော့ အနားယူဖို့အတွက် ဆုံးဖြတ်ချက်ချထားပါတယ်လို့ ရိုင်ဒင်းက ပြောသွားခဲ့ပါတယ်။