၂၀၃၂ ဘရစ္စဘိန်း အိုလံပစ်ပြိုင်ပွဲမှာ လိုအပ်တဲ့ အဆောက်အဦတွေ ဆောက်လုပ်မှုအတွက် ဩစတြေးလျ အစိုးရက အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ပံ့ပိုးပေးမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ပြည်နယ်နဲ့ ဖက်ဒရယ် အစိုးရရဲ့ ရန်ပုံငွေသဘောတူညီချက်အရ နွေရာသီအိုလံပစ်ပြိုင်ပွဲအတွက် အသစ်ဆောက်လုပ်မယ့် နေရာ ၁၇ ခုအတွက် ကုန်ကျငွေကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ကြာသပတေးနေ့က ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ ဆစ်ဒနီမှာ ကျင်းပခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ အမှတ်တရတွေက အခုချိန်ထိ အမွေအနှစ်တစ်ခုအဖြစ် ကျန်ရှိနေသေးပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့်တိုင် အမှတ်တရအဖြစ် ရှိနေသေး တာဖြစ်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ဘရစ္စဘိန်းမှာပြုလုပ်မယ့် ၂၀၃၂ ပြိုင်ပွဲကို အမြဲတမ်း အမှတ်ရနေမယ့် ပြိုင်ပွဲတစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်လို့လည်း ကြေညာချက်မှာ ရေးထားပါတယ်။ ၂၀၃၂ အိုလံပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် ဘရစ္စဘိန်းကို ၂၀၂၁ ခုနှစ်ကတည်းက ရွေးချယ်ထားခဲ့တာဖြစ်ပြီး ပြိုင်ပွဲ အတွက် အဓိက အားကစားကွင်းကို ဗစ်တိုးရီးယားပါ့ခ်မှာ ပရိသတ် ၆ သောင်းဝင်ဆံ့တဲ့ကွင်းသစ်အဖြစ် တည်ဆောက်နေတာ ဖြစ်ပါတယ်။ အဲဒီကွင်းသစ်တည်ဆောက်မှုအတွက် ဒေါ်လာ ၂ ဘီလီယံလောက် ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။