မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရှစ် (MLWC) ပြိုင်ပွဲအတွက် မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း အပါအဝင် လက်ဝှေ့သမားတွေအားလုံး ဆေးစစ်ဝိတ်ချိန် အောင်မြင်ခဲ့တယ်လို့ MLWC က သိရပါတယ်။MLWC လက်ဝှေ့ပြိုင်ပွဲ ကျင်းပပြုလုပ်တာနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက ဩဂုတ် ၁၆ ရက်က သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လက်ဝှေ့သမားတွေ အားလုံးကလည်း ဆေးစစ်ဝိတ်ချိန်တာ တွေ ပြုလုပ်ခဲ့ပါတယ်။

လက်ဝှေ့ပြိုင်ပွဲကိုတော့ လာမယ့် ဩဂုတ် ၁၇ ရက်မှာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်က သိမ်ဖြူ လက်ဝှေ့ ခန်းမမှာ ကျင်းပမှာ ဖြစ်ပြီး Skynet Soprts X Channel နဲ့ Skynet Application တို့က တိုက်ရိုက်ထုတ်လွှင့် ပြသ သွားမှာပါ။ပြိုင်ပွဲမှာ တွဲဆိုင်းတွေအဖြစ် အီရန်၊ အမေရိကန်၊ ကမ္ဘောဒီးယားလက်ဝှေ့ ကစားသမားတွေနဲ့ ထိုးသတ်မယ့် တွဲဆိုင်း (၃) ဆိုင်း၊ ပြည်တွင်း တွဲဆိုင်း(၃)ဆိုင်း စုစုပေါင်း တွဲဆိုင်း (၆)ဆိုင်း ပါဝင်တာ ဖြစ်ပါတယ်။ပြည်ပလက်ဝှေ့သမားတွေ နဲ့ ထိုးသတ်မယ့် တွဲဆိုင်းတွေ အဖြစ် မြန်မာ့လက်ဝှေ့ကျော် ထွန်းထွန်းမင်း နဲ့ အီရန် လက်ဝှေ့သမား ကေဝမ်း၊ ထွန်မင်းနိုင် နဲ့ ကမ္ဘောဒီးယားဖိုက်တာ ဖန်ခဲရင် ၊ စူပါရေချမ်း နဲ့ အမေရိကန်ဖိုက်တာ မာ့ခ်အန်တန်ဘတ် တို့ ယှဉ်ပြိုင်ထိုးသတ်မှာပါ။

ပြည်တွင်းထိုးသတ်မယ့် တွဲဆိုင်(၃)ဆိုင်းကတော့ သိန်းစိုး (Nine Lethwei) နဲ့ ဆလိုင်းထန်ခွီးရှိန် (ကျားမနိုင်)၊ နိုင်ဝင်းထွန်း (Nine Lethwei) နဲ့ သက်ဝင်းအောင် (ဒို့ရိုးရာ)၊ စောမင်းမင်း (ဒို့ရိုးရာ) နဲ့ သွေးသစ်မောင် (အဖြူ ရောင်သွေးသစ်)တို့ ပါဝင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။အခုလက်ဝှေ့ပြိုင်ပွဲကို မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကာ Myanmar Martial Arts Group က MLWC (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စီစဉ်ကျင်းပတာ ဖြစ်ပါတယ်။