နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌအဖြစ် အမျိုးသားတွေကို ကျော်ဖြတ်ပြီး ဇင်ဘာဘွေနိုင်ငံသူ ကာစတီ ကိုဗင်ထရီ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့ကြောင့် ကိုဗင်ထရီဟာ နှစ်ပေါင်း ၁၃၀ သက်တမ်းရှိပြီဖြစ်တဲ့ နိုင်ငံတကာ အိုလံပစ်ကော်မတီသမိုင်းမှာ ပထမဆုံး အမျိုးသမီးဥက္ကဋ္ဌဖြစ်သလို ဥက္ကဋ္ဌ ရာထူးကို ရယူနိုင်တဲ့ ပထမဆုံး အာဖရိက လူမျိုးလည်း ဖြစ်လာမှာပါ ။

ဥက္ကဋ္ဌရွေးပွဲမတိုင်ခင် ဗြိတိန်နိုင်ငံသား လော့ဒ်ကိုးအပါအဝင် အမျိုးသားတွေကို ကျော်ဖြတ်ပြီး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရမှုက အားကောင်းတဲ့အချက်ပြမှု ဖြစ်တယ်လို ကိုဗင်ထရီက ပြောသွားခဲ့ပါ တယ်။ အသက် ၄၁ နှစ်အရွယ် ရေကူးအားကစားသမားဟောင်း ကိုဗင်ထရီဟာ ကစားသမားဘဝ အိုလံပစ် ရွှေတံဆိပ်ဆုကို ၂ ကြိမ်ရယူထားသူဖြစ်ပြီး ဥက္ကဋ္ဌရာထူးအတွက် မဲပေးမှု ၉၇ မဲအနက် ၄၉ မဲကို ရရှိခဲ့တာ ဖြစ်ပါ တယ်။ ကမ္ဘာ့ပြေးခုန်ပစ်အဖွဲချုပ် ဥက္ကဋ္ဌဖြစ်သလို အနိုင်ရဖိုလည်း ရေပန်းစားခဲ့တဲ့ လော့ဒ်ကိုးကတော့ ၈ မဲသာ ရရှိခဲ့တယ်လို သိရပါတယ်။

ကိုဗင်ထရီဟာ လာမယ့် ဇွန်လမှာ လက်ရှိဥက္ကဋ္ဌ သောမတ်ဘတ်ချ်ရဲ့နေရာကို ဆက်ခံရမှာဖြစ်ပြီး နိုင်ငံတကာအိုလံပစ်ကော်မတီသမိုင်းမှာ အသက်အငယ်ဆုံး ဥက္ကဋ္ဌလည်း ဖြစ်လာတော့မှာပါ။ ကိုဗင်ထရီလက်ထက် ပထမဆုံးအိုလံပစ်ပြိုင်ပွဲကတော့ ၂၀၂၆ ဖေဖော်ဝါရီမှာကျင်းပမယ့် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲဖြစ်ပါတယ်။