ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ရင်လည်း မန်စီးတီးအတွက် အခုရာသီက အောင်မြင်တဲ့ ရာသီတစ်ခု မဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

အင်္ဂါညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဗီလာ အသင်းကို အနိုင်ရပြီးနောက် မန်စီးတီးအသင်း အဆင့် ၃ နေရာကို ရောက်လာခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အခြေအနေကောင်းလာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အက်ဖ်အေဖလားမှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို ရောက်နေတာပါ။ အက်ဖ်အေဖလား ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင်တောင် အခုရာသီက မန်စီးတီးအတွက် ဆိုးရွားတဲ့ရာသီဖြစ်ပါတယ်လို့ ဗီလာအသင်းကို အနိုင်ရတဲ့ပွဲအပြီးမှာ နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

ဗီလာအသင်းနဲ့ပွဲမှာပြသခဲ့တဲ့ မန်စီးတီးအသင်းသားတွေရဲ့ အားထုတ်မှုအတွက်တော့ ကျေနပ် အားရတယ်လို့ နည်းပြဂွါဒီယိုလာက ချီးကျုးခဲ့ပါတယ်။မန်စီးတီးအသင်းဟာ လာမယ့် တနင်္ဂနွေညမှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲအဖြစ် နော်တင်ဟမ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး မန်စီးတီးအတွက် ခက်ခဲတဲ့ပွဲဖြစ်မယ်လို့ ဂွါဒီယိုလာက ခန့်မှန်းထားကာ အခုရာသီ နော်တင်ဟမ် အသင်းခြေစွမ်းက ချီးကျူးရမယ့် ခြေစွမ်းမျိုးဖြစ်တယ်လို့ ပြောထားပါတယ်။