ကိုလံဘီယာ၊ အာဂျင်တီးနားအသင်းတွေနဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ဘရာဇီးအသင်းက နေမာကို ပြန်ခေါ်ယူလိုက်ပါတယ်။၂၀၂၃ ခုနှစ် အောက်တိုဘာလက ကစားခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ ပွဲစဉ်အတွင်း ဒူးဒဏ်ရာ ရရှိပြီးကတည်းက နေမာဟာ နိုင်ငံအသင်းအတွက် ၁၇ လကြာ ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့တာပါ။

ဘရာဇီးအသင်းအနေနဲ့ လာမယ့် မတ်လ ၂၁ ရက်မှာ ကိုလံဘီယာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရဖို့ရှိပြီး မတ်လ ၂၆ ရက်မှာတော့ အာဂျင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။နေမာဟာ ဘရာဇီးအသင်းအတွက် ၇၉ ဂိုးအထိ စံချိန်တင် ဂိုးသွင်းယူပေးထားနိုင်သူဖြစ်ပြီး ဘရာဇီးဂန္တဝင်ကစားသမား ပီလီထက် သွင်းဂိုးနှစ်ဂိုး ပိုများပါတယ်။တိုက်စစ်ကစားသမားနေမာဟာ ဆော်ဒီကလပ် အယ်ဟီလယ် (Al-Hilal) မှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ဆန်းတို့စ်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှာ ၇ ပွဲ ဝင်ကစားထားပြီး ၃ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပါတယ်။ဘရာဇီးအသင်းက လက်ရှိရွေးချယ်ထားတဲ့ လူစာရင်းမှာ ပရီးမီးယားလိဂ်ကစားသမား ၁၀ ဦးအထိ ပါဝင်ပြီး ဒီထဲမှာ မန်ချက်စတာစီးတီးနဲ့ ဘရိုက်တန်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ယာအိုပီဒရို၊ ဆာဗင်ဟိုတို့ ပါဝင်ပါတယ်။ဒါ့အပြင် အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်၊ နယူးကာဆယ်ကွင်းလယ်ကစားသမား ဘရူနို ဂွီမာရေးစ်၊ လီပါပူးနဲ့ မန်စီးတီး ဂိုးသမားတွေဖြစ်တဲ့ အီဒါဆန်နဲ့ အလီဆန်တို့လည်း ပါဝင်ပါတယ်။