ပြင်သစ်အသင်းကို အနိုင်ရတဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ စပိန်တောင်ပံကစားသမား ယာမယ်က ရွှေဘောလုံး ဆုနဲ့ ထိုက်တန်တယ်ဆိုတာကို သက်သေပြသွားတယ်လို စပိန်နည်းပြ ဒီလာ ဖျူအန်တီက ပြောပါတယ်။ စပိန်အသင်းက ပြင်သစ်အသင်းကို ၅ ဂိုး- ၄ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ယာမယ်က စပိန်အသင်းအတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆု ကိုပါ ရယူသွားနိုင်ခဲ့ပါတယ်။

ယာမယ်ဟာ ဘာစီလိုနာ အသင်းနဲ့ ပြည်တွင်း ဆုဖလား ၃ လုံးရရှိထားသူဖြစ်ပြီး စက်တင်ဘာမှာ ပေးမယ့် ရွှေဘောလုံးဆုအတွက် ရေပန်း စားနေသူလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီအသင်းနဲ့အတူ ချန်ပီယံလိဂ်ရထားတဲ့ ပြင်သစ် တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီကလည်း ရွှေဘောလုံးဆုအတွက် ယာမယ်နဲ့အပြိုင် ရေပန်းစားနေခဲ့တာပါ။ ဒါ့ကြောင့် စပိန်အသင်းနဲ့ ပြင်သစ်အသင်းတိုပွဲကို စိတ်ဝင်စားမှုများခဲ့ပြီး စပိန်အသင်း အနိုင်ရခဲ့သလို ယာမယ်က လည်း အကောင်းဆုံးဆုရခဲ့တာကြောင့် ရွှေဘောလုံးဆုနဲ့ ယာမယ်ထိုက်တန်တယ်လို သုံးသပ်မှုတွေ ရှိလာပါတယ်။

ယာမယ်က လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်သလို ရွှေဘောလုံးဆုနဲ့ ထိုက်တန်တဲ့ သူပါလို စပိန် နည်းပြ ဒီလာဖျူအန်တီက ပြောပါတယ်။ အသက် ၁၇ နှစ်အရွယ် ယာမယ်ကလည်း ရွှေဘောလုံးဆုဆိုတာထက် အသင်းက ဗိုလ်လုပွဲကို တက်ခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်ရသလို ကွင်းအတွင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို အာရုံစိုက်သွားမယ်လို ပြောပါတယ်။ နေးရှင်းလိဂ် လက်ရှိချန်ပီယံ စပိန်အသင်းဟာ နေးရှင်းလိဂ်ဗိုလ်လုပွဲမှာ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။