လီဗာပူးအသင်းရဲ့ အီဂျစ်တိုက်စစ်မှူး ဆာလက်ရှ်ဟာ အခုရာသီ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး နောက် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီရဲ့ရွှေဖိနပ်ဆု စံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ တနင်္ဂနွေညက ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ရာသီပိတ်ပွဲမှာ လီဗာပူးအတွက် ၁ ဂိုးသွင်းယူပေးခဲ့တဲ့ ဆာလက်ရှ်ဟာ အခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၉ ဂိုးနဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာလက်ရှ်ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ၂၀၁၇-၁၈၊ ၂၀၁၈-၁၉နဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီတွေမှာ ရယူနိုင်ခဲ့ဖူးတာဖြစ် ပါတယ်။ အသက် ၃၂ နှစ်အရွယ်ဆာလက်ရှ်ဟာ ရွှေဖိနပ်ဆုအပြင် ဂိုးဖန်တီးမှု ၁၈ ကြိမ်နဲ့ ဂိုးဖန်တီးမှု အများဆုံး ဆုကို ပါရယူနိုင်ခဲ့ပါတယ်။ ဆာလက်ရှ်ဟာ ၂၀၂၁-၂၂ ဘောလုံးရာသီတုန်းကလည်း ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးဆုတို့ကို ပူးတွဲရယူနိုင်ခဲ့တာကြောင့် ဆု ၂ ခုစလုံးကို ဒုတိယအကြိမ်မြောက်ပူးတွဲရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

အခုရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းအတွက် ဆာလက်ရှ်ရဲ့ ဂိုးပါဝင် ပတ်သက်မှုက ၄၇ ဂိုးအထိရှိခဲ့ပြီး ၃၈ ပွဲကစားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာတော့ အများဆုံးဂိုးပါဝင် ပတ်သက်မှုဖြစ်ခဲ့ပါတယ်။ ဆာလက်ရှ်အရင် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင်ပတ်သက်မှု ၄၇ ဂိုးအထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေအဖြစ် အလန်ရှီးယားနဲ့ အင်ဒီကိုးလ်တို့ရှိခဲ့ကြပေမယ့် သူတို့တွေဟာ ၄၂ ပွဲ ကစားရတဲ့ ပရီးမီးယားလိဂ်ရာသီတွေမှာ စွမ်းဆောင်နိုင်ခဲ့ကြတာဖြစ်ပါတယ်။