အက်ဖ်အေဖလား ဗိုလ်လုပွဲကို ၃ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့သလို ချန်ပီယံဆုရဖို့ အခွင့်အရေးရှိပေမဲ့ မန်စီးတီး အတွက် အောင်မြင်တဲ့ ဘောလုံးရာသီ မဖြစ်နိုင်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ အခုရာသီခြေစွမ်းတက်နေတဲ့ နော်တင်ဟမ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းက အက်ဖ်အေဖလား ဗိုလ်လုပွဲကို ၃ ကြိမ်ဆက် တက်နိုင်ခဲ့တာဖြစ်ပြီး အက်ဖ်အေဖလားကို ၈ ကြိမ်မြောက် ရယူနိုင်ဖို့ မျှော်လင့်ခွင့် ရှိခဲ့တာဖြစ်ပေမယ့် ဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ပဲလေ့စ်အသင်းကတော့ အက်ဖ်အေဖလားကို တစ်ကြိမ်မှ မရဖူးပါဘူး။ မန်စီးတီးဟာ အခုရာသီမှာ တစ်ခုတည်းသော ဆုဖလားမျှော်လင့်ချက်အဖြစ် အက်ဖ်အေဖလားကို ရယူဖို့ မျှော်လင့် နေတာဖြစ် ပြီး ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ ၂၁ မှတ်အထိ ကွာဟခဲ့သလို ချန်ပီယံလိဂ်မှာလည်း ပလေးအော့ဖ် အဆင့်ကနေ ထွက်ခဲ့ရလို့ စိတ်ပျက်စရာ ဘောလုံးရာသီဖြစ်ခဲ့တယ်လို့ နည်းပြ ဂွါဒီယိုလာက ပြောသွားခဲ့တာပါ။

လာမယ့် ရာသီမှာတော့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ပိုကောင်းတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာစေဖို့ မျှော်လင့် ထားတယ်လို့လည်း ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲ အထိ အနိုင်ရထားတာဖြစ်ပြီး ဒီခြေစွမ်းကို ရာသီကုန်အထိ ထိန်းနိုင်ဖို့ ဂွါဒီယိုလာ မျှော်လင့်နေပါတယ်။