ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် ဖီနာဘာချီအသင်း နည်းပြ မော်ရင်ဟိုက ပြိုင်ဘက် ရိန်းဂျားအသင်းကို အောင်ပွဲသိပ်မခံဖို့အတွက် သတိပေးလိုက်ပါတယ်။ပွဲအပြီး သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာ မော်ရင်ဟိုက ဒုတိယအကျော့ ကစားဖို့ ကျန်နေသေးတဲ့အတွက် အောင်ပွဲသိပ်မခံဖို့ ရိန်းဂျားအသင်းကို အကြံပေးမယ်လို့ ပြောခဲ့တာပါ။

ဒုတိယအကျော့နိုင်ပြီးမှ အောင်ပွဲခံမယ်ဆိုရင် သူ့အနေနဲ့ ဂုဏ်ပြုပေးမှာ ဖြစ်ပေမယ့် အခုက ပွဲမပြီးသေးဘူးလို့ မော်ရင်ဟိုက ဆိုပါတယ်။မတ်လ ၆ ရက်နေ့ညက အစ္စတန်ဘူလ်မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း နည်းပြမော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းက စကော့တလန်ကလပ် ရိန်းဂျားအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ လာမယ့် မတ်လ ၁၄ ရက်မှာတော့ ဖီနာဘာချီအနေနဲ့ ရိန်းဂျားအသင်းအိမ်ကွင်းမှာ ဒုတိယအကျော့ သွားကစားရဖို့ ရှိနေပါတယ်။

မော်ရင်ဟိုဟာ မနေ့ညက သူ့အသင်းရဲ့ ကစားပုံကို စိတ်ပျက်နေခဲ့ပြီး အသင်းရဲ့ကစားပုံက နေရာတိုင်းမှာ ဆိုးရွားနေတယ်လို့ ဝန်ခံခဲ့ပါတယ်။မတ်လ ၁၄ ရက်နေ့ ကစားရမယ့် ဒုတိယအကျော့ ပွဲစဉ်မှာတော့ မော်ရင်ဟိုရဲ့ ဖီနာဘာချီအသင်းဟာ ရိန်းဂျားကို ရင်ဆိုင်ဖို့အတွက် ပိုပြင်ဆင်လာရဖွယ် ရှိနေပါတယ်။ဟိုဆေးမော်ရင်ဟိုဟာ တူကီယဲကလပ် ဖီနာဘာချီအသင်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လက စကိုင်တွယ်ခဲ့တာပါ။