အီတလီလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် အီတလီလက်ရွေးစင်ဟောင်း ဂတ်တူဆိုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ အီတလီအသင်းနည်းပြအဖြစ်ကနေ စပယ်လက်တီ နုတ်ထွက်သွားခဲ့ပြီးနောက် နည်းပြသစ်ခန့်အပ်နိုင်ဖို့ အီတလီဘောလုံးအဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။

အီတလီဘောလုံးအဖွဲ့ချုပ်ဟာ နည်းပြသစ်အဖြစ် ဝါရင့်နည်းပြ ရေနီယာရီနဲ့ အေစီမီလန်နည်းပြဟောင်း ပီအိုလီ တို့ကို ကမ်းလှမ်းခဲ့ပေမယ့် နည်းပြ ၂ ယောက်စလုံးက ပယ်ချခဲ့လို့ နည်းပြသစ်ခန့်အပ်နိုင်ဖို့က အခုထိ အဆင်မပြေ ဖြစ်နေတာပါ။ အီတလီသတင်းတွေရဲ့ဖော်ပြချက်အရ အခုတစ်ပတ်မှ ခရိုအေးရှားကလပ် ဟက်ဂျက်အသင်းနဲ့ လမ်းခွဲထားခဲ့တဲ့ နည်းပြဂတ်တူဆိုနဲ့ အီတလီလက်ရွေးစင်အသင်းမန်နေဂျာ ဘတ်ဖွန်တို့ မကြာခဏ ဆိုသလို တွေ့ဆုံမှုတွေ ပြုလုပ်နေပြီး နည်းပြသစ် ခန့်အပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အီတလီ လက်ရွေးစင် ဂိုးသမားဟောင်း ဘတ်ဖွန်ဟာ နည်းပြသစ် ခန့်အပ်နိုင်ရေးအတွက် အီတလီ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂရာဗီနာဆီကနေ လုပ်ပိုင်ခွင့်ကို အပြည့်အဝ ရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ အီတလီလက်ရွေးစင် အသင်းဟာ လာမယ့် စက်တင်ဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ဆက်ကစားရဖို့ ရှိနေတာ ဖြစ်ပါ တယ်။