နယူးကာဆယ်အသင်းတိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး အီဆက်ကို အကောင်းဆုံး တိုက်စစ်မှူး လို့ အသင်းဖော် ဂူမာရေးစ်က ချီးကျူးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အီဆက်ဟာ အခုရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၁၇ ဂိုးအထိသွင်းယူထားသလို ဂိုးဖန်တီးမှုလည်း ၅ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။

အာဆင်နယ် အသင်းနဲ့ ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း အီဆက်ဟာ အသင်းရဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သလို ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲမှာလည်း အာဆင်နယ်အသင်းခံစစ်ကို တစ်ချိန်လုံး ဒုက္ခ ပေးနိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းနဲ့ ဒုတိယအကျော့ပွဲမှာ နယူးကာဆယ်အသင်းရခဲ့တဲ့ ဦးဆောင်ဂိုးမှာလည်း အီဆက်ရဲ့ အားထုတ်မှုက အဓိကကျခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲအပြီးမှာ ကွင်းလယ်လူ ဂူမာရေးစ်က အခုရာသီမှာ အီဆက်ထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ တိုက်စစ်မှူး မရှိသလို လက်ရှိမှာ အီဆက်က အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်လို့ ချီးကျူးသွားခဲ့တာပါ။

အီဆက်အနေနဲ့ လက်ရှိစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဂူမာရေးစ်ကပြောပါတယ်။ အာဆင်နယ်အသင်းကို နှစ်ကျော့ပေါင်း ၄ဂိုးပြတ်နဲ့ အနိုင်ရပြီး လိဂ်ဖလား ဗိုလ်လုပွဲတက်ခဲ့တဲ့ နယူးကာဆယ်အသင်းဟာ ၁၉၆၉ နောက်ပိုင်း ဆုဖလားဝေးကွာနေမှုကို အဆုံးသတ်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။