ညာနောက်ခံလူ အာနိုး ရာသီအကုန်မှာ အသင်းကနေ ထွက်ခွာမှုက လီဗာပူးအသင်းရဲ့ အခုရာသီ ပရီးမီးယားလိဂ် အောင်ပွဲအပေါ် မထိခိုက်သလို ဖုံးလွှမ်းသွားမှာလည်း မဟုတ်ဘူးလို့ နောက်ခံလူ ဗန်ဒိုက်ချ်က ပြောသွားခဲ့ပါတယ်။ အသက် ၂၆ နှစ် အရွယ် အာနိုးဟာ ပြီးခဲ့တဲ့တစ်ပတ်က ရာသီအကုန်မှာ အသင်းက ထွက်တော့မယ့်အကြောင်းကို အတည်ပြုခဲ့တာ ဖြစ်ပြီး အခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ အာနိုးကို လီဗာပူးပရိသတ်တွေက လှောင်ပြောင်ခဲ့ကြ တာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် နောက်ခံလူ ဗန်ဒိုက်ချ်ကတော့ အာနိုးလို ကစားသမား တစ်ယောက်ကို ဆုံးရှုံးရတာ အသင်းအတွက် စိတ်ပျက်စရာဖြစ်ပေမယ့် ပရီးမီးယားလိဂ် ဆုဖလားကို အာနိုးနဲ့အတူ ကိုင်မြှောက်ပြီး ဂုဏ်ပြုချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ အာနိုအပေါ် လီဗာပူးပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ပတ်သက်လို့ ဗန်ဒိုက်ချ်က မှတ်ချက်ပြုတာမျိုး မရှိခဲ့ဘဲ အသင်းမှာရှိတဲ့ ကစားသမားတိုင်းဟာ ချန်ပီယံဆု ရယူ နိုင်ခဲ့မှုအတွက် ချီးကျူးဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်တယ်လို့ပဲ ပြောသွားခဲ့ပါတယ်။ အာနိုး၊ ဗန်ဒိုက်ချ်နဲ့ ဆာလက်ရှ် တို့ဟာ အခုရာသီ အကုန်မှာ စာချုပ်ပြည့်ကြမှာဖြစ်ပေမယ့် လီဗာပူးအသင်းဟာ ဗန်ဒိုက်ချ်နဲ့ ဆာလက်ရှ်တို့ကို စာချုပ်သစ် ချုပ်ဆိုနိုင် ခဲ့ပြီး အာနိုးကိုတော့ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။