အာဆင်နယ်အသင်းမှာ ကာလရှည်ဆက်နေဖို့ ဆန္ဒရှိသလို အသင်းနဲ့အတူ အောင်မြင်မှုတွေရယူပြီး ရွှေဘောလုံးဆု ရယူဖို့အထိ ဆန္ဒရှိတယ်လို့ တောင်ပံတိုက်စစ်မှူး ဆာကာက ပြောကြားလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင် ဆာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်နေသေးပေမယ့် အာဆင်နယ်အသင်းဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

စာချုပ်သစ်မှာ အာဆင်နယ်အသင်းဟာ လက်ရှိတစ်ပတ်လုပ်ခလစာ ပေါင် ၁၉၅၀၀၀ ရရှိနေတဲ့ ဆာကာကို ပေါင် ၃ သိန်းအထိ တိုးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းအင်္ကျီကို ဝတ်ဆင်ပြီး နိုင်ပွဲတွေရယူနိုင်ခဲ့တာက ကျေနပ်စရာကောင်းသလို အသင်းနဲ့ သူ့ကြားက ဆက်ဆံရေးကလည်း အကောင်းဆုံး အခြေအနေမှာ ရှိနေလို့ ဒီအသင်းမှာပဲ ကာလရှည်ဆက်နေသွားဖို့ ဆန္ဒရှိပါတယ်လို့ ဆာကာက ပြောသွားခဲ့ပါတယ်။

ဆာကာဟာ အာဆင်နယ်အသင်းနဲ့အတူ ၂၀၂၀ အက်ဖ်အေဖလားတစ်လုံးသာ ရရှိထားပြီး ပြီးခဲ့တဲ့နှစ်အတွက် ရွှေဘောလုံးဆု စာရင်းမှာလည်း အဆင့် ၂၁ မှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာကြောင့် ၃ လကျော် အနားယူခဲ့ရပြီးနောက် ဆာကာဟာ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပြီး ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။