လီဗာပူးအသင်းရဲ့ အံ့အားသင့်ဖွယ် အစ္စတန်ဘူ ညအကြောင်းကို ပြောပြပြီး လေဗာကူဆင်အသင်းသားတွေကို စိတ်ဓာတ်မြှင့်ပေးဖို့ စဉ်းစားထားတယ်လို့ နည်းပြ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ အလွန်ဆိုရဲ့ လေဗာကူဆင် အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ တာဖြစ်ပြီး ဒုတိယအကျော့ အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ပြန်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကစားခဲ့တဲ့ ၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအသင်းဟာ အေစီမီလန်အသင်းကို ပထမပိုင်းအပြီးမှာ ၃ ဂိုးပြတ်နဲ့ရှုံးနိမ့်နေပေမယ့် ဒုတိယပိုင်းမှာ ၃ ဂိုးပြန်သွင်းပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ အံ့အားသင့်ဖွယ်စွမ်းဆောင်မှုမျိုးကို လေဗာကူဆင်အသင်းသားတွေကို ပြောပြသွားဖို့ အလွန်ဆို စဉ်းစားနေတာ ဖြစ်ပါတယ်။

အရာအားလုံးက ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်နေသလို ကစားသမားတွေစိတ်ဓာတ်ခွန်အားအတွက်လည်း လီဗာပူးအသင်းနဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ အစ္စတန်ဘူလ်ည အကြောင်း ပြန်ပြောပြဖို့ စဉ်းစားထားပါတယ်လို့ နည်းပြအလွန်ဆိုက ပြောသွားခဲ့ပါတယ်။ လေဗာကူဆင်အသင်း ဟာ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါရာသီတုန်းက အိမ်ကွင်းမှာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ဖူးတာ ဖြစ်လို ဒါဟာမဖြစ်နိုင်တဲ့ စွမ်းဆောင်ရည်မဟုတ်ဘူးဆိုတာကိုလည်း အလွန်ဆိုက သုံးသပ်သွားခဲ့ပါတယ်။