အသက် ၄၀ အရွယ်အထိ ဘောလုံးကစားနိုင်ဖို့ ရည်မှန်းထားတဲ့အတွက် အနာဂတ်မှာ ဆော်ဒီပရိုလိဂ်ကို သွားရောက်ကစားဖို့ဆိုတာ ဖြစ်လာနိုင်တယ်လို့ လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်က ပြောသွားခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဆာလက်ရှ်ဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းနဲ့အတူ အကောင်းဆုံးရာသီတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ၂၉ ဂိုးသွင်းကာ ၁၈ ဂိုး ဖန်တီးပေးနိုင်ခဲ့လို့ ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှုအများဆုံးဆုတွေကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ရှ်ဟာ ပြီးခဲ့တဲ့လကမှ လီဗာပူးအသင်းနဲ့ ၂ နှစ် စာချုပ်သစ် ချုပ်ဆိုထားတာဖြစ်ပြီး သတင်းတွေရဲ့ဖော်ပြချက်အရ ဆာလက်ရှ်အနေနဲ့ ဆော်ဒီပရိုလိဂ်အသင်းတစ်သင်းရဲ့ မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၄၀ အထိ ဘောလုံးကစားဖို့ ရည်မှန်းထားပြီး လီဗာပူးအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုခင်က ဆော်ဒီပရိုလိဂ်ကို သွားကစားဖို့ အခြေအနေရှိခဲ့ပါတယ်လို့ ဆာလက်ရှ်က အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့တာပါ။

လီဗာပူးအသင်းနဲ့ စာချုပ် ပြည့် ချိန် ၂၀၂၇ မှာ ဆာလက်ရှ်ရဲ့ အသက်က ၃၄ နှစ်သာ ရှိဦးမှာဖြစ်လို့ ဆော်ဒီပရိုလိဂ်ကို သွားကစားဖို့က ဖြစ်နိုင်စရာ ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ချဲလ်ဆီး၊ လီဗာပူးအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဆာလက်ရှ်ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက ၁၈၆ ဂိုးအထိ ရှိလာခဲ့ပြီး နယူးကာဆယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်နဲ့ တစ်ဂိုးအကွာ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ကစားသမားစာရင်း အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။