ရီးရဲလ်နည်းပြသစ်အလွန်ဆိုဖြစ်လာမှုအပေါ် ကြိုဆိုသလို အလွန်ဆိုနဲ့ယှဉ်ပြိုင်ရမယ့် ဘောလုံးရာသီသစ်အတွက် စိတ်လှုပ်ရှားမိတယ်လို့ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က ပြောပါတယ်။ ရီးရဲလ်အသင်းဟာ ရာသီကုန်မှာ ထွက်ခွာသွားတဲ့ နည်းပြအန်ဆလော့တီရဲ့နေရာမှာ အလွန်ဆိုကို ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တယ် လို့ ကြေညာချက်ထုတ်ပြန်အပြီးမှာ ဖလစ်ခ်က အခုလိုပြောသွားခဲ့တာပါ။

အလွန်ဆိုက လေဗာကူဆင် အသင်းကို အဆင့်တစ်ခုရောက်အောင် မြှင့်တင်ပေးနိုင်ခဲ့သလို အလွန်ဆိုရဲ့ ဘောလုံးအတွေးအခေါ်တွေက ကောင်းမွန်တဲ့အတွက် လာမယ့်ရာသီက စိတ်လှုပ်ရှားစရာကောင်းမှာသေချာပါတယ်လို့ နည်းပြဖလစ်ခ်က ပြောပါတယ်။ နည်းပြဖလစ်ခ်ရဲ့ ဘာစီလိုနာအသင်းက အခုရာသီ ပြိုင်ဘက်ရီးရဲလ်အသင်းနဲ့ ထိပ်တိုက်ဆုံခဲ့တဲ့ ၄ ကြိမ်စလုံးကို အနိုင်ရအောင်စွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်နည်းပြသစ်ဖြစ်လာခဲ့တဲ့ အလွန်ဆိုအနေနဲ့ လာမယ့်ရာသီမှာ ဘာစီလိုနာအသင်းကို ဘယ်လောက်အထိ ယှဉ်ပြိုင်နိုင်မလဲဆိုတာက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။

ဖလစ်ခ်နဲ့ အလွန်ဆိုတာဟာ အရင်ကဆုံတွေ့ခဲ့တာမျိုးမရှိခဲ့ဘဲ ဘိုင်ယန်မြူးနစ်အသင်းကနေ ဖလစ်ခ်ထွက်ခွာသွားချိန်မှ အလွန်ဆိုက လေဗာကူဆင်အသင်းဆီကို ရောက်ရှိလာ ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်နည်းပြသစ် အလွန်ဆိုအနေနဲ့ အနီးစပ်ဆုံး ပြိုင်ပွဲဖြစ်တဲ့ လာမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရီးရဲလ်အသင်းကို ဘယ်လောက်အထိ အောင်မြင်မှုရအောင် ဦးဆောင်မှုပေးနိုင်မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။s