နည်းပြအလွန်ဆိုကို စာချုပ်ပြည့်တဲ့အထိ ဆက်ထိန်းထားဖို့ ကြိုးစားသွားမယ်လို့ လေဗာကူဆင်အသင်း ဒါရိုက်တာ ရူဖက်စ်က ပြောကြားလိုက်ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်အသင်းအနေနဲ့ နည်းပြ အန်ဆလော့တီရဲ့နေရာမှာ အစားထိုး ဖို့အတွက် အလွန်ဆိုကို ကြိုးစားမှုက ပိုမိုခက်ခဲဖွယ်ရှိနေပါတယ်။

ရီးရဲလ်အသင်းနဲ့ နည်းပြ အန်ဆလော့တီဟာ အခုရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတာကြောင့် ရီးရဲလ်အသင်းဟာ စပိန်လူမျိုးနည်းပြ အလွန်ဆိုကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။ နည်းပြအလွန်ဆိုအပြင် ရီးရဲလ်အသင်းဟာ လေဗာကူဆင် အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ဖလိုရီယန်ဝှစ်ကိုပါ ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ရူဖက်စ်က အလွန်ဆိုနဲ့ ဝှစ်တို့ဟာ အသင်းနဲ့ စာချုပ်သက်တမ်းရှိသူတွေဖြစ်ကြသလို လက်ရှိအချိန်အသင်းမှာလည်း အဆင်ပြေနေပါတယ်လို့ ပြောသွားခဲ့တာပါ။

အသင်းရဲ့ရှေ့ဆက်သွားမယ့် အစီအစဉ်တွေမှာ သူကဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို နည်းပြအလွန်ဆို သိရှိထားပြီးဖြစ်တယ်လို့လည်း ရူဖက်စ်က ဆက်ပြောသွားခဲ့ပါတယ်။ရီးရဲလ်အသင်းနဲ့ ၂၀၂၆ အထိစာချုပ်ရှိနေတဲ့ နည်းပြအန်ဆလော့တီကို စီးရီးအေကလပ် ရိုးမားအသင်းက နည်းပြ ခန့်ဖို့ စီစဉ်နေပြီး အန်ဆလော့တီကိုယ်တိုင်ကလည်း သူ့အနာဂတ်နဲ့ပတ်သက်လို့ အတိအကျမပြောနိုင်ဘူးလို့ ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းက ပြောကြားထားခဲ့ဖူးပါတယ်။