အသင်းရဲ့ဘဏ္ဍာရေးအရှုံးပြမှုကို ကာမိစေဖို့အတွက် မန်ယူအသင်းဟာ နောက်ထပ် အလုပ်အကိုင် ၂၀၀ ခန့်ကို ထပ်မံလျှော့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က မန်ယူအသင်းရဲ့ ရှယ်ယာအချို့ကို ရက်ကလစ်ဖ်ရဲ့ အင်နီယို့စ်အသင်းက ဝယ်ယူခဲ့ပြီးနောက် အသင်းဝန်ထမ်း ၂၅၀ ခန့်ကို တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က အသင်းဝန်ထမ်းတွေနဲ့ ဆုံတွေ့ရာမှာ မန်ယူအသင်းအမှုဆောင်အရာရှိ အိုမာဘရာဒါက ပြောင်းလဲမှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်ဆင်တာတွေ ပြုလုပ်သွားမှာဖြစ်ပြီး အလုပ်အကိုင်လျှော့ချမှုတွေ ထပ်ပြီး တော့ ပြုလုပ်မှာဖြစ်တယ်လို့ အသိပေးသွားခဲ့ပါတယ်။ ၂၀၁၉ နောက်ပိုင်း ၅ နှစ်ဆက်တိုက် အရှုံးပြနေတဲ့ အသင်း ရဲ့ ဘဏ္ဍာရေးအခြေအနေကို ပြောင်းလဲနိုင်ဖို့အတွက် ရည်မှန်းထားပါတယ်လို့ မန်ယူအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က အသင်းရဲ့ဘဏ္ဍာရေးအစီရင်ခံစာအရ မန်ယူအသင်းဟာ ဒုတိယ သုံးလပတ်မှာလည်း ပေါင် ၂၇ ဒသမ ၇ သန်း အရှုံးပေါ်နေပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်းက ပေါင်သန်း ၃၀၀ ကျော် အရှုံးပြခဲ့တယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ကွင်းတွင်းရလဒ်တွေမကောင်းသလို အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကလည်း အခုလိုမျိုး ဆက်တိုက်အရှုံးပြနေလို့ မန်ယူပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး ရှယ်ယာရှင်သစ် အင်နီယို့စ် အနေနဲ့လည်း ကြီးမားတဲ့ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။