အင်္ဂလန်လူမျိုးနည်းပြ စတီဗင် ဂျရတ်ဟာ ဆော်ဒီကလပ် အယ်အီတီဖတ်အသင်းကို ၁၈ လကြာ တာဝန်ယူခဲ့ပြီး နောက် ဇန်နဝါရီ ၃၀ ရက်နေ့က နှစ်ဖက်သဘောတူ လမ်းခွဲလိုက်ပါတယ်။ ဗီလာနဲ့ ရိန်းဂျားစ်နည်းပြဟောင်း ဂျရတ်ဟာ ၂၀၂၃ ဇူလိုင်လမှာ ဆော်ဒီကလပ်ကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီမှာ အသင်းနဲ့ ၂၀၂၇ အထိသက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုထားခဲ့တာပါ။

ဒါပေမဲ့ အယ်အီတီဖတ်အသင်းဟာ အခုရာသီ ဆော်ဒီပရိုလိဂ် ၁၇ ပွဲမှာ ၅ ပွဲသာ အနိုင်ရထားပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်အကွာကို ရောက်နေတာကြောင့် နည်းပြ ဂျရတ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘောလုံးမှာ ဘယ်အရာကိုမှ ကြိုတင်ခန့်မှန်းထားလို့မရသလို တစ်ခါတလေမှာ လိုချင်တဲ့အတိုင်းတွေလည်း ဖြစ်မလာတတ်ပါဘူးလို့ အယ်အီတီဖတ်အသင်းနဲ့ လမ်းခွဲအပြီးမှာ ဂျရတ်က ပြောကြားခဲ့ပါတယ်။

အယ်အီတီဖတ်အသင်းဥက္ကဋ္ဌကတော့ ဂျရတ်လက်ထက်မှာ အသင်းက ကောင်းမွန် တဲ့ ပြောင်းလဲမှုတွေ မြင်တွေ့ခဲ့ရပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ဂျရတ်ကို ကျေးဇူးတင်ပါ တယ်လို့ ပြောထားပါတယ်။ ဂျရတ်ဟာ အယ်အီတီဖတ်အသင်းမှာ တစ်နှစ်ကို လုပ်အားခ ပေါင် ၁၅ သန်းအထိ ရခဲ့ပြီး ကမ္ဘာ့လစာအများဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။