ဘရာဇီးတိုက်စစ်မှူး နေမာနဲ့ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းတို့ နှစ်ဖက်သဘောတူ လမ်းခွဲဖို့အတွက် သဘောတူညီချက်ရခဲ့ပြီလို့သိရပါတယ်။ အသက် ၃၂ နှစ်အရွယ် နေမာဟာ ၂၀၂၃ ဩဂုတ်လမှာ ပီအက်စ်ဂျီ အသင်းကနေ အယ်ဟီလယ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ နဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဆော်ဒီကလပ်အတွက် ၇ ပွဲသာကစားပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပီအက်စ်ဂျီ အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ နဲ့ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ လက်ရှိအချိန်အထိ ပြောင်းရွှေ့ကြေးအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ နေမာဟာ ပီအက်စ်ဂျီ အသင်းမှာ ရုန်းကန်ခဲ့ရသလို ဆော်ဒီကိုရောက်ရှိလာချိန်မှာလည်း ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း စာချုပ်သက်တမ်း ၆ လကျန်သေးပေမဲ့ အခုလိုမျိုး လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

အယ်ဟီလယ်အသင်းနဲ့အတူရှိနေချိန်မှာ ကူညီပေးခဲ့မှုတွေအတွက် နေမာကို ကျေးဇူးတင်သလို ကစားသမားဘဝ အနာဂတ်မှာအောင်မြင်မှုတွေရဖို့ ဆုတောင်းပါတယ်လို့ အယ်ဟီလယ်အသင်းကြေညာချက်မှာရေးထားပါတယ်။ နေမာအနေနဲ့ ပရိုကစားသမားဘဝ စတင်ခဲ့ရာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းဆီကို ပြန်ရောက်ဖို့ နီးစပ်နေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။ ဆန်းတို့စ်လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တဲ့နေမာဟာ ၂၀၁၃ မှာဘာစီလိုနာအသင်းဆီကို မပြောင်းရွှေ့ခင် ဆန်းတို့စ်အသင်းအတွက် ၂၂၅ ပွဲမှာ ၁၃၆ ဂိုးသွင်းယူပေးထား ခဲ့တာဖြစ်ပါတယ်။