ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်အသင်းဟာ နည်းပြသစ်အဖြစ် အင်ဇာဂီကို ခန့်အပ်နိုင်ခဲ့ပြီလို့ ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။ နည်းပြ အင်ဇာဂီဟာ ၄ နှစ်ကြာ တာဝန်ယူခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ လမ်းခွဲအပြီး ရက်ပိုင်းအကြာမှာပဲ အယ်ဟီလယ်နည်းပြရာထူးကို လက်ခံလိုက်တာဖြစ်ပါတယ်။

အင်ဇာဂီဟာ အယ်ဟီလယ် အသင်းမှာ ဆုကြေးနဲ့ အခြားခံစားခွင့်အပါအဝင် တစ်နှစ်ကို ယူရို သန်း ၃၀ ရမှာဖြစ်လို့ ကမ္ဘာ့ပေါ်မှာ လုပ်အားခ အများဆုံးရတဲ့ နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ အယ်ဟီလယ်အသင်း ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုမှာတော့ အင်ဇာဂီကို အီတလီပါရမီရှင်လို့ သုံးနှုန်းထားခဲ့တာကိုလည်း တွေ့ရပါတယ်။ အသက် ၅၁ နှစ်အရွယ် အင်ဇာဂီဟာ အယ်ဟီလယ်အသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အယ်ဟီလယ်အသင်းနဲ့ ပထမဆုံးစမ်းသပ်မှုအဖြစ် လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကို ရလဒ်ကောင်းတွေရအောင် အင်ဇာဂီ စွမ်းဆောင်ပြရတော့မှာ ဖြစ်ပါတယ်။

အင်ဇာဂီဟာ သူ့ရဲ့နည်းပြဘဝကို အီတလီကလပ်အသင်းတွေဖြစ်တဲ့ လာဇီယိုနဲ့ အင်တာမီလန် အသင်းတွေနဲ့သာ ဖြတ်သန်းခဲ့ဖူးတာဖြစ်လို့ အခုလို ဆော်ဒီကလပ်ကို ကိုင်တွယ်တာက သူ့ရဲ့နည်းပြဘဝ ပထမ ဆုံး အီတလီပြင်ပ ကလပ်အသင်းတစ်ခုကို တာဝန်ယူမှု ဖြစ်လာခဲ့သလို စိန်ခေါ်မှုအသစ်လည်း ဖြစ်လာခဲ့ပါတယ်။ အယ်ဟီလယ်အသင်းဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၈ ရက်မှာ ရီးရဲလ်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။