နာပိုလီအသင်း အနာဂတ်နဲ့ပတ်သက်လို့ အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နဲ့ အမြင်ချင်းတူတဲ့အတွက် အသင်းမှာ ဆက်နေဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နည်းပြကွန်တီက ပြောသွားခဲ့ပါတယ်။ နာပိုလီအသင်းကို အခုရာသီ စီးရီးအေချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပြီးနောက် နည်းပြကွန်တီ အသင်းကနေ ထွက်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒါပေမဲ့ ကြာသပတေးနေ့က အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်နဲ့ ဆွေးနွေးခဲ့ပြီးနောက်မှာ ကွန်တီ အနေနဲ့ လာမယ့်ရာသီမှာ နာပိုလီနည်းပြအဖြစ် ဆက်ရှိနေဖို့ သဘောတူညီမှု ရခဲ့တာဖြစ်ပါတယ်။ ကွန်တီဆက်ရှိ နေမယ့်အကြောင်းကို နာပိုလီအသင်းဘက်ကလည်း ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဘောလုံးရာသီ တစ်ခုပြီးသွားတိုင်း နည်းပြနဲ့ ကလပ်အသင်းတာဝန်ရှိသူတွေ ဆွေးနွေးမှုက ပုံမှန်ရှိသလို အခုဆွေးနွေးမှုမှာလည်း အသင်းတာဝန်ရှိသူတွေနဲ့ အသင်းတည်ဆောက်မှုအပေါ် အမြင်ချင်းတူတဲ့အတွက် ဝမ်းသာမိပါတယ်လို့ ဆွေးနွေးမှု အပြီးမှာ ကွန်တီက ပြောသွားခဲ့ပါတယ်။

နာပိုလီအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ပြိုင်ခွင့်ရမှာ ဖြစ်လို့ အသင်းကို အခုထက် ပိုမိုတောင့်တင်းတဲ့ စုဖွဲ့မှုရအောင် ကြိုးစားသွားရမှာ ဖြစ်တယ်လို့လည်း ကွန်တီက ပြောသွားခဲ့ပါတယ်။ အသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်ကလည်း ကွန်တီလိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေး သွားမှာဖြစ်သလို အသင်းလေ့ကျင့်ရေးကွင်းကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်မှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နာပိုလီအသင်းဟာ လာမယ့်ရာသီမှာ စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ကိုလည်း ကြိုးစားသွားရဦးမှာ ဖြစ်ပါတယ်။