မန်ယူအသင်းမှာ နည်းပြအမ်မိုရင်ရဲ့ခေတ်တစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ပေးရမှာဖြစ်တယ်လို့ မန်ယူ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ အမ်မိုရင်ဟာ မန်ယူ နည်းပြရာထူးကို နိုဝင်ဘာလမှာ ရယူခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ တည်ငြိမ်တဲ့အသင်းတစ်သင်းကို တည် ဆောက်ပြနိုင်ဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

လက်ရှိ မန်ယူအသင်းသားအများစုကလည်း နည်းပြအမ်မိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ အဆင်ပြေဖို့အတွက် ခက်ခဲနေခဲ့ပြီး အသင်းကလည်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာပါ။ မန်ယူအသင်းခေါင်းဆောင်ဟောင်းဖြစ်သလို မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂယ်ရီနဗီးလ် ကတော့ အမ်မိုရင်အတွက် အထူးသီးသန့်လိုအပ်ချက်တွေရှိနေပြီး အသင်းအနေနဲ့ ဖြည့်ဆည်းပေးနိုင်၊ မပေးနိုင် ဆိုတာကိုသာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

အမ်မိုရင်ရဲ့ ကစားကွက်နဲ့ လိုက်ဖက်မယ့် ကစားသမားတွေကို ဖြည့်တင်းနိုင်ဖို့အတွက် အသင်းအနေနဲ့ ကစားသမား အပြောင်းအရွှေ့ကာလ ၂ ခုကနေ ၃ ခုအထိ အချိန်ပေးဖို့ လိုအပ်လိမ့်မယ်လို့လည်း နဗီးလ်က ပြောသွားခဲ့ပါတယ်။ မန်ယူအသင်းဟာလက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိစွန်းနေတဲ့အတွက် ကစားသမားအပြောင်းအရွှေ့တွေမှာ လူသစ်ခေါ်ယူ မှုကို စိတ်ကြိုက်ပြုလုပ်နိုင်မှာမဟုတ်လို့ အမ်မိုရင်အနေနဲ့ စိတ်ကြိုက်အသင်းကို တည်ဆောက်နိုင်ဖို့အတွက် အချိန်ပေးရလိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ပြောသွားခဲ့ပါတယ်။